ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ အန်ဇို မာရက်စ်ကာက ချယ်လ်ဆီးအသင်းကို စတင် ကိုင်တွယ်ရတဲ့ ဘောလုံးရာသီမှာပဲ အံ့အားသင့်စရာတွေကို လုပ်ဆောင်ပြလိမ့်မယ်လို့ ချယ်လ်ဆီး ကစားသမားသစ် ဒူးစ်ဘရီဟောလ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနှစ်က ဘောလုံးရာသီမှ စတင် လက်တွဲခဲ့တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ ရာသီအကုန်မှာပဲ လက်တွဲဖြုတ်ခဲ့ပြီး သူ့နေရာမှာ လက်စတာအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ မာရက်စ်ကာနဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

Photo Credit : Transfermarket

နည်းပြ မာရက်စ်ကာက ချယ်လ်ဆီးအသင်းနည်းပြအဖြစ် စတင် တာဝန်ယူချိန်မှာပဲ အသင်းဟောင်း လက်စတာက ကွင်းလယ်ကစားသမား ဒူးစ်ဘရီဟောလ်ကိုပါ ချယ်လ်ဆီးအသင်းဆီ တစ်ပါတည်း ခေါ်ဆောင်ခဲ့ပြီး အသင်းရဲ့ ကွင်းလယ်အင်အားကို အင်အား မြှင့်တင်ခဲ့ပါတယ်။

လက်စတာမှာရော ချယ်လ်ဆီးမှာပါ တွဲဖက်ပြီး အလုပ်လုပ်နေရတဲ့ နည်းပြ မာရက်စ်ကာနဲ့ ပတ်သက်ပြီး ဒူးစ်ဘရီဟောလ်က “နည်းပြက ကျွန်တော် ဒီအသင်းဆီ လာရောက်ဖို့အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်စေပါတယ်။ ကျွန်တော် သူ့ကို လက်စတာမှာကတည်းက သိခဲ့တာပါ။ လက်စတာက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားချိန်မှာ ပြသာနာများစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကလပ်အသင်းဖြစ်ပြီးတော့ ဒါကိုသူက ပြန်လည် မွမ်းမံပေးနိုင်ခဲ့တယ်။”’

Photo Credit : ESPN

“ဒါကြောင့် သူ ဒီအခု ဒီအသင်းကို ကိုင်တွယ်နေတဲ့ အချိန်တိုလေးအတွင်းမှာပဲ အနည်းဆုံးတော့ top 4 နေရာလောက်အထိ ပို့ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ကို ထင်မိပါတယ်။ အဲ့ဒီထက်လည်း ပိုနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ သူက လူတော်တော်များများ မသိနိုင်သေးတဲ့သူ ဆိုပေမယ့် တကယ်ကို ထိပ်တန်းအဆင့်ရှိသူပါ။ သူက လူအများကိုလည်း အံ့အားသင့်လောက် လုပ်ပြနိုင်ပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက နည်းပြသစ် မာရက်စ်ကာရဲ့လက်ထက် ပထမဆုံးသော ပွဲစဉ်အဖြစ် လိဂ်ဝမ်း တန်းတက်ကလပ် ဝရက်ဇ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ထဲ တစ်ဖက် (၂)ဂိုးစီသရေ ရလဒ်သာ ရရှိခဲ့ရပါတယ်။