မန်ချက်စတာ စီးတီးအသင်းကတော့ အသင်းရဲ့ အဓိက ကစားသမားကြီး ကယ်ဗင် ဒီဘရိုင်းနားရဲ့ ဒဏ်ရာ အခြေအနေတွေကြောင့် ဝက်စ်ဟမ်းက ဘရာဇီးလ် ကွင်းလယ်လူ လူးကပ်စ် ပါကေတာကို ဒီနွေမှာ အရ ခေါ်ယူသွားနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးက ပါကေတာကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာချိန်မှာ ပါကေတာ ကိုယ်တိုင်ကလည်း မန်စီးတီးလို ထိပ်တန်း ကလပ်အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ချင်တာကြောင့် စီးတီး နဲ့ ပါကေတာတို့ကြားမှာ သဘောတူညီမှုပါ ရရှိထားတယ်လို့ talkSPORT မှာ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Manchester Evening News

မန်စီးတီးအသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းနားဟာ ဘန်လေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း အလားတူ ဒဏ်ရာမျိုး ကြုံတွေ့ခဲ့ရပါသေးတယ်။

ဒီဘရိုင်းနား ဒီလို ဒဏ်ရာ အခြေအနေတွေကြောင့် မန်စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက ကွင်းလယ် ကစားသမားတစ်ဦးကို ဖြည့်တင်းသွားချင်နေပြီး သူ့နေရာမှာ ရေရှည်ပါ အစားထိုးနိုင်ဖို့အတွက် အသက် (၂၅)နှစ်အရွယ် ကစားသမား ပါကေတာကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : The Sun

ဒါကြောင့်လည်း မန်စီးတီးက ပါကေတာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀)နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းဘက်ကတော့ ပယ်ချခဲ့ပြီး ပါကေတာအတွက် အနည်းဆုံး ပေါင် သန်း(၈၀)လောက်အထိ အလိုရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ ဒီဘရိုင်းနားရဲ့ အသက်အရွယ်နဲ့ မကြာခဏ ဒဏ်ရာတွေ ရရှိနေမှုတွေကြောင့် ဒီဘရိုင်းနားနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို မဖြစ်မနေ လိုအပ်လာပြီး ဒီဈေးကွက်အတွင်းမှာပဲ အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။