အာဆင်နယ်အသင်းကတော့ နှစ်ပေါင်းများစွာ ဝေးကွာနေရတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ ဆုဖလားကြီးကို ပြန်လည် သိမ်းပိုက်သွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး အခုလည်း ပရီးမီးယားလိဂ်ဖလားကြီးကို မရယူခင်မှာပဲ ဆုဖလားတစ်ခုကို ရယူနိုင်ဖို့အတွက် ပြိုင်ပွဲတစ်ခုကို ဝင်ရောက် ဆင်နွဲရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Milan News

အဲ့ဒီပြိုင်ပွဲကတော့ Dubai Super Cup လို့ အမည်ပေးထားတဲ့ ဒူဘိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲဖြစ်ပြီး အာဆင်နယ်နဲ့အတူ လီဗာပူးလ် အေစီမီလန် လိုင်ယွန်အသင်းတွေက ပါဝင် ဆင်နွဲကြမှာဖြစ်ပါတယ်။ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပနေမယ့် အချိန်ကာလအတွင်း ဒီပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်မရတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဒုတိယရာသီဝက်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အခုလို ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဆင်နွဲရန် လက်ခံခဲ့ကြတာဖြစ်ပြီး ဒီပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလထဲ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo Credit : E360Hubs

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက ပြိုင်ပွဲဝင် (၃)သင်းထဲကမှ ဒီဇင်ဘာလ (၈)ရက်နေ့မှာ လိုင်ယွန်နဲ့ ဒီဇင်ဘာ (၁၃)ရက်နေ့မှာတော့ အေစီမီလန်အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဗာပူးလ်ကလည်း မီလန် လိုင်ယွန်အသင်းတွေနဲ့သာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မစတင်ခင်မှာ အော်လန်ဒိုဖိတ်ခေါ်ဖလားနဲ့ သူတို့ကိုယ်တိုင် နှစ်စဉ်ကျင်းပနေကြ အိမရိတ်ဒ်ဖိတ်ခေါ်ဖလားတို့ကို ပိုင်ဆိုင်ထားတာဖြစ်လို့ အခု ဒူဘိုင်းဖိတ်ခေါ်ဖလားကိုလည်း ရယူသွားဖို့က အခြေအနေကောင်းနေရပါတယ်။ ဒီဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ တစ်ပွဲ အနိုင်ရလိုက်တဲ့ အသင်းက ရမှတ်(၃)မှတ် ရရှိမှာဖြစ်ပြီး သရေကျမယ်ဆိုရင် နှစ်သင်းလုံးက (၂)မှတ်ပိုင်ဆိုင်မှာ ဖြစ်သလို အထူးခြားဆုံး စည်းမျဉ်းတစ်ခုကတော့ ပွဲတိုင်းလိုလိုမှာ ပင်နယ်တီ ကန်သွင်းခွင့်ကို ထည့်သွင်းသွားမှာဖြစ်ကာ ပင်နယ်တီမှာ အနိုင်ရမယ့် အသင်းက အပိုရမှတ်ကိုပါ ထပ်မံ ပိုင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။ ပွဲအားလုံး ကစားလို့အပြီး ရမှတ်အများဆုံး ပိုင်ဆိုင်ရမယ့် အသင်းက Dubai Super Cup ချန်ပီယံအဖြစ် သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ကလပ်အသင်း(၄)သင်းရဲ့ ကစားသမားတွေထဲကမှ ကမ္ဘာ့ဖလားမှာ မပါခဲ့ရသူတွေနဲ့ လူငယ်ကစားသမားလေးတွေ ပါဝင်ယှဉ်ပြိုင်ကြဖွယ် ရှိနေပါတယ်။