ပရီးမီးယားလိဂ် နာမည်ကြီးဘောလုံးအသင်း ဖြစ်တဲ့ စပါးက အီတလီကလပ် ဂျီနိုအာရဲ့ အဓိက ဗဟိုနောက်ခံလူ ဒရာဂူဆင်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ရိုမေးနီးယား လက်ရွေးစင် လူငယ်ခံစစ်မှူး ဒရာဂူဆင်က ယခုနှစ် ဘောလုံးရာသီမှာ ဂျီနိုအာရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး သူက ဂျီနိုအာ အတွက် စီးရီးအေပြိုင်ပွဲမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားပါတယ်။

Photo Credit: Sky Sports

ဒရာဂူဆင်က ညာခြေအားသန် ဗဟိုခံစစ်မှူး ဖြစ်ပေမယ့် ဗဟိုခံစစ်ရဲ့ ဘယ် ၊ ညာ နှစ်နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်သလို လိုအပ်ရင် ဘယ်နောက်ခံနဲ့ ညာနောက်ခံ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် ဒရာဂူဆင်က အရပ်အမောင်း မြင့်မားတဲ့ ဗဟိုခံစစ်မှူး ဖြစ်ပေမယ့် လျင်မြန်သလို ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက်ရာမှာ ထူးချွန်သူ ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေနဲ့ နေရာစုံမှာ ကစားနိုင်မှုတို့ကြောင့် ဗဟိုခံစစ်မှူး တဦး လိုအပ်နေတဲ့ စပါးက သူ့ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတာပါ။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ဒရာဂူဆင်ကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ ယမန်နေ့ညပိုင်းမှာ ဒရာဂူဆင်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး စပါးဟာ မကြာခင်မှာ ဒရာဂူဆင် အတွက် ဂျီနိုအာဆီ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့တော့မယ်လို့ သိရပါတယ်။

ဂျီနိုအာက ဒရာဂူဆင်ကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဂျူဗင်တပ်ဆီ ကနေ ပြောင်းရွှေ့ကြေး ယူရို ၅.၅သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ဂျီနိုအာက ဒရာဂူဆင်ကို ပြန်လည် ရောင်းချရာ ကနေ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း လိုချင်နေပါတယ်။