ဘိုရုရှား ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာဖြစ်သူ ဆီဘက်စတီယန် ကေးလ်က တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ဒီနွေရာသီမှာ အသင်းဆီ တတိယအကြိမ်မြောက်အဖြစ် ပြန်လည်ခေါ်ယူဖို့ အသင်းရဲ့ရပ်တည်ချက်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်မှာ အရင်က နှစ်ကြိမ်တိုင်တိုင် ကစားခဲ့ဖူးပြီး အောင်မြင်မှုတွေ ရရှိခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက်ကနေ အငှားစာချုပ်နဲ့ ဒေါ့မွန်ဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အသင်းမှာ အပြီးသတ်ဆက်ရှိမလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Photo Credit : Goal
ဒါပေမဲ့ အသင်းရဲ့ အကြီးအကဲဖြစ်သူ ဆီဘက်စတီယန် ကေးလ်ကတော့ ဆန်ချိုကို ခေါ်ယူဖို့ကိစ္စဟာ အသင်းရဲ့ ဦးစားပေး မဟုတ်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
ကေးလ်က သတင်းထောက်တွေကို “ကျွန်တော်တို့နဲ့ ဂျေဒန်ကြားမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတာကြောင့် အမြဲတမ်းလိုလို အဆက်အသွယ်တော့ ရှိနေပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူ့ကိုခေါ်ယူဖို့ကိစ္စက ကျွန်တော်တို့အတွက် အဓိက ဦးစားပေးကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တခြားဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေရှိပါတယ်။ ဒါကြောင့် ဆန်ချိုရဲ့ကိစ္စက အသင်းတွင်းမှာ ဆွေးနွေးတာထက် မီဒီယာတွေမှာ ပိုပြီး ချဲ့ကားပြောဆိုနေကြတာ ဖြစ်နိုင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။
Photo Credit : Goal
ဆန်ချိုဟာ ဒေါ့မွန်ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၁၅၇) ပွဲမှာ (၅၃) ဂိုးသွင်း (၆၇) ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ အတိတ်သမိုင်းကြောင်းကောင်းတွေ ရှိခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်ကလည်း သူ့ကို အသင်းရဲ့ လူစာရင်းထဲ ပြန်ထည့်သွင်းဖို့ အစီအစဉ်မရှိဘူးလို့ The Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ ဆန်ချိုကို ဆော်ဒီအာရေဗျ ကလပ်အသင်းတွေဖြစ်တဲ့ အယ်လ်နာဆာ အယ်လ်ဟီလာနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေပြီး တကယ်လို့ ဥရောပအသင်းဆီက ကမ်းလှမ်းမှုတွေ မရလာခဲ့ရင်တော့ ဆန်ချိုအနေနဲ့ အရှေ့အလယ်ပိုင်းဒေသဆီ ဦးတည်သွားနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။