ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ချားလက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီဟာ လက်ရှိ ဥရောပရဲ့ လူငယ်အကယ်ဒမီတွေ အနက် အကောင်းဆုံး လူငယ်အကယ်ဒမီတွေထဲက တခု အဖြစ် သတ်မှတ်ခံထားရပြီး မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ဆန်ချို ၊ ဆောက်သမ်တန် ကြယ်ပွင့် လာဗီယာနဲ့ မန်ချက်စတာ စီးတီး ကြယ်ပွင့် ဖိုဒန်တို့ဟာ စီးတီးရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Telegraph

ဆန်ချိုကို မန်ချက်စတာ စီးတီး ကနေ ခေါ်ယူကာ အရောင်တင်ပေးခဲ့ဖူးတဲ့ ဒေါ့မွန်က လတ်တလောမှာ နာမည်ကြီးလာတဲ့ မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီကို အနီးကပ် စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ယူ-၂၁အသင်းနဲ့ တောက်ပလာတဲ့ ချားလက်စ်ဟာ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

မန်ချက်စတာ စီးတီး လူငယ်ကြယ်ပွင့် ချားလက်စ်က အသက် ၁၉နှစ် အရွယ်သာ ရှိသေးပေမယ့် မြောက်အိုင်ယာလန် အတွက် ၃ပွဲ အထိ ပါဝင် ကစားပေးထားသလို သူက မန်ချက်စတာ စီးတီး ယူ-၂၁အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်လည်း ရထားပါတယ်။

Photo Credit: Telegraph

ညာခြေအားသန် ကစားသမား တဦး ဖြစ်တဲ့ ချားလက်စ်က ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ရှိသူ ဖြစ်ပေမယ့် လိုအပ်ရင် ဗဟိုခံစစ်မှူးနဲ့ ညာနောက်ခံ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိကာ သူက မြောက်အိုင်ယာလန် အတွက် ၃ပွဲ ပါဝင် ကစားပေးခဲ့ရာ ၃ပွဲစလုံးမှာ Rating ၇.၀ အထက် ရခဲ့ပါတယ်။

ဒါကြောင့်ပဲ လူငယ် ကစားသမားတွေကို စုဆောင်းတတ်တဲ့ ဒေါ့မွန်က လာမယ့် နွေဈေးကွက်မှာ ချားလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဒေါ့မွန်ရဲ့ ကင်းထောက်တွေက ချားလက်စ်ကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildကလည်း ဒေါ့မွန်ဟာ ချားလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဒေါ့မွန်ဟာ ချားလက်စ်အတွက် တရားဝင် ကမ်းလှမ်းမှု တခု လုပ်ဆောင်ဖို့ပါ ပြင်ဆင်နေကြောင်း ဖော်ပြထားပါတယ်။