ဘွန်ဒက်လီဂါထိပ်တန်းကလပ် ဒေါ့မွန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အသင်းထံ တတိယအကြိမ်မြောက်အဖြစ် ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် အံ့အားသင့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုကို စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
နာမည်ကြီး Sky Sport Germany ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို Signal Iduna Park အိမ်ကွင်းဆီသို့ တစ်ကျော့ပြန်ခေါ်ယူရေးနဲ့ ပတ်သက်ပြီး အသင်းတွင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဒီဆွေးနွေးမှုတွေဟာ အလေးအနက်ပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ခြေကို လုံးဝပယ်ချထားခြင်း မရှိသေးပါဘူး။ ယူနိုက်တက်ဘက်ကတော့ အသက်(၂၅)နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားကို အပြီးသတ်လက်လွှတ်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်းကနေ သန်း(၂၀)ကြား အလိုရှိနေတယ်လို့ ဆိုပါတယ်။
Photo Credit : GiveMeSport
ဆန်ချိုဟာ ၂၀၂၃ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ နည်းပြ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြား ပြဿနာဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မန်ယူနိုက်တက်ရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ နေရာမရတော့တဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၂၃-၂၄ ရာသီကုန်ပိုင်းကို ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာတော့ ချယ်လ်ဆီးအသင်းဆီ တစ်ရာသီအငှားထွက်ကစားခဲ့ရပါတယ်။ လန်ဒန်ကနေ ပြန်ရောက်လာပြီးနောက်မှာတော့ ဆန်ချိုဟာ မန်ယူအသင်းရဲ့ အပယ်ခံကစားသမားများ စာရင်းထဲမှာသာ ပါဝင်နေပြီး အသင်းပြောင်းရွှေ့ဖို့ အခွင့်အရေးပေးထားပေမယ့် အဓိက ကစားသမားတွေနဲ့ သီးခြားခွဲထားခံနေရပါတယ်။
ချယ်လ်ဆီးအသင်းက ဆန်ချိုရဲ့ တစ်ရာသီအငှားစာချုပ်မှာ ပါဝင်တဲ့ အပြီးသတ်ခေါ်ယူခွင့်ကို အသက်မသွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားနဲ့ လစာငွေကြေးဆိုင်ရာ သဘောတူညီမှုမရတာကြောင့် စာချုပ်ဖျက်သိမ်းခအဖြစ် ဒဏ်ကြေးငွေပေးဆောင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ သတင်းကြီးခဲ့ပေမယ့် တခြားကစားသမားတစ်ဦးဖြစ်တဲ့ ဖရန်စစ္စကို ကွန်ဆီကာအိုကို အပြီးသတ်ခေါ်ယူလိုက်တာကြောင့် ဆန်ချိုအတွက် အပြောင်းအရွှေ့ဟာ ရပ်တန့်သွားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဒေါ့မွန်အသင်းဟာ မန်ယူအတွက်ရော ဆန်ချိုအတွက်ပါ အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
Photo Credit : Clutch Points
ဆန်ချိုအတွက်တော့ ဒေါ့မွန်ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို အမြဲတမ်းပြသနိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒေါ့မွန်မှာ ပထမအကြိမ် ပုံမှန်ကစားသမားအဖြစ် (၃)ရာသီကြာ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ (၁၂၅)ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း (၁၀၉)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ အံ့မခန်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က ရာသီဝက်အငှားနဲ့ ပြန်လာခဲ့စဉ်မှာလည်း အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့ဟာ ဒီနွေရာသီမှာ ကစားသမားရောင်းချမှုကနေ ရရှိတဲ့ငွေထက် သုံးစွဲတဲ့ငွေက ပိုနည်းနေပါတယ်။ ကစားသအားသစ် (၃)ဦးအတွက် ယူရို(၂၇)သန်းသာ သုံးစွဲထားပြီး ကစားသမားရောင်းချမှုကနေ ယူရိုသန်း(၇၀)နီးပါး ပြန်လည်ရရှိထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကုန်မှာ ဘွန်ဒက်လီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ရယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိထားလို့ အသင်းရဲ့ဘတ်ဂျက်ကို ပိုမိုတောင့်တင်းစေပါတယ်။
ဒါပေမယ့်လည်း အဓိက အခက်အခဲကတော့ ဆန်ချိုရဲ့ လစာငွေမြင့်မားမှုပဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ၂၀၂၅-၂၆ ရာသီအတွက် ဆန်ချိုကို ငွေသုံးပြီးခေါ်ယူဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟုတ်မဟုတ်ကို လာမယ့် (၄)ပတ်ကျော်အတွင်း ဆုံးဖြတ်ရမှာပါ။ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဆန်ချိုအနေနဲ့ သူ့ရဲ့လက်ရှိလစာငွေထက် အများကြီးလျှော့ယူဖို့ လိုအပ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၄ ခုနှစ် အငှားကာလတုန်းကတောင် သူ့ရဲ့လစာတစ်ဝက်ကို ယူနိုက်တက်က ပေးချေကူညီခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အသင်းနှစ်သင်းကြားက ပြောင်းရွှေ့ကြေးထက် ကစားသမားရဲ့ လစာကိစ္စကသာ ဒီအပြောင်းအရွှေ့ရဲ့ အဓိကကျတဲ့ အဟန့်အတားဖြစ်လာနိုင်ခြေ ပိုများနေပါတယ်။