လီဗာပူးလ်အသင်းဟာ အသင်းမှာ အနာဂတ် မသေချာတော့တဲ့ အီဂျစ် တောင်ပံကစားသမားကြီး မိုဟာမက် ဆာလာနေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် ကစားသမား အများအပြားကို ပစ်မှတ်ထားနေရာ ဒီထဲမှာ ဒေါ့မွန်အသင်းက တောင်ပံကစားသမားလေး ဂျေမီ ဘေးနိုး ဂစ်တန်စ်လည်း ပါဝင်လာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီဂျစ် လက်ရွေးစင် ညာတောင်ပံ တိုက်စစ်ကစားသမား ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ လီဗာပူးလ်နဲ့ ဆာလာတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ဆာလာအပြင် အာနိုး ဗန်ဒိုက်တို့ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာမို့ လီဗာပူးလ်အနေနဲ့ ကစားသမား (၃)ဦးလုံးကို သက်တမ်းတိုးဖို့က မသေချာဘဲ ဆာလာကိုလည်း ပီအက်စ်ဂျီက စိတ်ဝင်စားနေတဲ့အပြင် ဆော်ဒီလိဂ် ကလပ်အသင်းတွေပါ ဆာလာကို အတော်လေး အလိုရှိနေကြပါတယ်

ဒါကြောင့် လီဗာပူးလ်က ဆာလာနေရာမှာ အစားထိုးဖို့အတွက် တောင်ပံကစားသမားတွေကို ပစ်မှတ်ထားလာခဲ့ပြီး လက်ရှိမှာတော့ အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် တောင်ပံကစားသမားလေး ဂစ်တန်စ်ကို စိတ်ဝင်စားလာခဲ့ပါတယ်။ ချယ်လ်ဆီး မန်စီးတီးနဲ့ ရက်ဒင်းအကယ်ဒမီထွက် ဂစ်တန်စ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ကမှ ဒေါ့မွန် လူငယ်အကယ်ဒမီဆီ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဂျေဒန် ဆန်ချိုလို မန်စီးတီး လူငယ်အသင်းကနေ ဒေါ့မွန်လူငယ်အသင်းဆီ ရောက်လာခဲ့တဲ့ ဂစ်တန်စ်ဟာ ၂၀၂၂ခုနှစ်မှာပဲ ဒေါ့မွန် စီနီယာအသင်းကြီးအတွက် ပွဲကစားခွင့်တွေ အတော်လေး ရရှိလာခဲ့ပြီး သူရဲ့ အရည်အသွေးတွေကိုလည်း ပြသလာနိုင်ခဲ့ပါတယ်။ အင်္ဂလန် ယူ-၂၁အသင်းအတွက်ပါ ကစားခွင့် ရရှိလာတဲ့ ဂစ်တန်စ်ဟာ အခုဆိုရင် ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေ ရရှိလာခဲ့ပါတော့တယ်။

ဂစ်တန်စ်ဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ ကာလရှည် စာချုပ်တစ်ရပ် ကျန်ရှိနေသေးတာ ဖြစ်သလို ဒေါ့မွန်ကလည်း အသင်းအတွက် အားထားရတဲ့ ကစားသမား ဖြစ်နေတဲ့ ဂစ်တန်စ်ကို လက်မလွတ်ချင်သေးဘဲ ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)လောက်အထိနဲ့ ကမ်းလှမ်းလာမှသာ အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။