ဒေါ့မွန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဒီအပြောင်းအရွှေ့အတွက်လည်း ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်လှမ်းထားပြီး လာမယ့်ရာသီအတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ဒေါ့မွန်အသင်းဟာ လာမယ့် ဘောလုံးရာသီသစ်အတွက် ပြင်ဆင် အားဖြည့်မှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပြီး တိုက်စစ်ပိုင်းအတွက်လည်း စတုဂတ် တိုက်စစ်မှူး ဂွီယာဆေးနဲ့ ဂရင်းဝုဒ်တို့ကို ပစ်မှတ်ထားလာပါတယ်။

Photo Credit : Tribal Football

ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား အဒီယေမီကို လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေပြီး သူ့နေရာအတွက်ကိုလည်း လူငယ် တိုက်စစ်ကစားသမားဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ အစားထိုးဖို့ စီစဉ်လာခဲ့တာပဲ ဖြစ်ပါတယ်။

အသက် (၂၂)နှစ်အရွယ် ညာတောင်ပံ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာလည်း ဒီရာသီထဲ ဂီတာဖေးအသင်းမှာ အငှားနဲ့ သွားရောက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဒီရာသီ ဂီတာဖေးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရင်း အသင်းပေါင်းစုံရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိခဲ့ပါတယ်။

Photo Credit : TEAMtalk

လက်ရှိ ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဒေါ့မွန်အသင်းလည်း ပါဝင်နေပြီး ဒေါ့မွန်က ၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်ထဲမှာလည်း သူတို့ ကစားသမားဟောင်း ဂျေဒန် ဆန်ချိုကို မန်ယူနိုက်တက်အသင်းဆီကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ လာမယ့်နွေမှာတော့ ဒေါ့မွန်က ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့နဲ့ ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဆွေးနွေးသွားရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဘက်ကတော့ အသင်းမှာ ပြန်လည် ကစားခွင့်ပေးဖို့ မလွယ်ကူတော့တဲ့ ဂရင်းဝုဒ်ကို အသင်းကနေ အပြီးသတ်သာ ရောင်းချလိုက်ချင်ပေမယ့်လည်း တကယ်လို့ အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း လက်ခံသွားဖွယ် ရှိလာနိုင်တယ်လို့ သိရပါတယ်။