ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျေဒန် ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အငှားစာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ထပ်မံ လုပ်ဆောင်လာခဲ့တယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ အလွန်ကို တောက်ပခဲ့သူဖြစ်ပြီး ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားပြီး နောက်ပိုင်းမှသာ သူရဲ့ ပုံမှန် ခြေစွမ်းတွေပါ တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Football365

ဒီနှစ် ဘောလုံးရာသီအတွင်းမှာလည်း ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့လို့ အသင်းအတွက် ပွဲကစားခွင့်တွေ ဆုံးရှုံးလာခဲ့ရတဲ့ ဆန်ချိုဟာ အခု ဆောင်းဈေးကွက်မှာပဲ ယူနိုက်တက်ကနေ သေချာပေါက် ထွက်ခွာရဖွယ်လည်း ရှိနေပါတယ်။

ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဆန်ချိုကို ဂျုဗင်တပ်စ် ဘာစီလိုနာ နဲ့ ဝက်စ်ဟမ်းအသင်းတို့က ပစ်မှတ်ထားနေသလို အခုလည်း ဆန်ချိုရဲ့ အသင်းဟောင်း ဒေါ့မွန်ကပါ ဆန်ချိုကို အသင်းဆ်ီ ပြန်လည် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Eurosport

ဒေါ့မွန်က ဆန်ချိုကို ယူနိုက်တက်အသင်းဆီကနေ ဒီနှစ် ဘောလုံးရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်ထံ ဆက်သွယ်လာခဲ့ပြီး ကစားသမားရဲ့ အငှားခေါ်ယူကြေး လစာပေးချေမှု အပိုင်းတွေအတွက် ဆွေးနွေးလျက် ရှိနေပါတယ်။

ဆန်ချိုကိုယ်တိုင်ကလည်း သူ့ကို အသင်းဟောင်း ဒေါ့မွန်ဆီ အငှားလွတ်ပေးဖို့ ယူနိုက်တက်အသင်းဆီ တောင်းဆိုသွားဖို့ ရှိနေသလို ဒေါ့မွန်မှာ ပြန်ကစားရဖို့ကိုလည်း စိတ်အားထက်သန်နေပါတယ်။ ဒေါ့မွန်ကတော့ ဆန်ချိုအပြင် နောက်ထပ် ယူနိုက်တက် ကစားသမားဟောင်းဖြစ်တဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကိုပါ ခေါ်ယူဖို့ ရှိနေပါတယ်။