မန်ချက်စတာ ယူနိုက်တက်အသင်းကနေ သေချာပေါက် ထွက်ခွာသွားရတော့မယ့် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အခု ဆောင်းဈေးကွက်အတွင်းမှာ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေပြီး ဒီအသင်းတွေထဲမှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၅ကနေ စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပေမယ့် အခုအချိန်ထိ အသင်းတိုက်စစ်ပိုင်းအတွက် အားထားရတဲ့ အနေအထားမှာ ရှိမနေသေးတာကြောင့် အခုလို ရောင်းချဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : TEAMtalk
အင်္ဂလန် လက်ရွေးစင်ဟောင်း ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ကနေ ခေါ်ယူချင်နေတဲ့ အသင်းတွေ ရှိနေကြပေမယ့် ရပ်ရှ်ဖို့ဒ်ရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေကြောင့် အပြီးသတ်ထက် အငှားနဲ့ ခေါ်ယူချင်နေကြပါတယ်။ လောလောဆယ်မှာတော့ အေစီမီလန်နဲ့ ဒေါ့မွန်အသင်းတွေက ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းကလည်း ရပ်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပေမယ့် ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကတော့ ဥရောပထိပ်တန်းလိဂ်ကြီး (၅)ခုက ကလပ်အသင်းတွေမှာသာ ကစားချင်နေတဲ့အတွက် ဂါလာတာစာရေးရဲ့ စိတ်ဝင်စားမှုကို လစ်လျူရှုထားတယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပါတယ်။
Photo Credit : Eurosport
ဒါကြောင့် ရပ်ရှ်ဖို့ဒ်ကို အေစီမီလန်နဲ့ ဒေါ့မွန်အသင်းတို့ကသာ အပြိုင်လုရဖို့ ရှိနေပြီး ကစားသမားရဲ့ လုပ်ခလစာ မြင့်များမှုက ဒီအသင်းတွေအတွက် ခက်ခဲနိုင်တာကြောင့် ရာသီကုန်အထိ အငှားလွတ်ဖြစ်မယ်ဆိုရင်တောင် ရပ်ရှ်ဖို့ဒ်ရဲ့ လစာ တစ်စိတ်တစ်ပိုင်းကို အသင်းဘက်ကနေပါ ပေးချေပေးသွားရဖို့လည်း ရှိနေပါတယ်။
ရပ်ရှ်ဖို့ဒ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒေါ့မွန်အသင်းက သူတို့ရဲ့ တိုက်စစ်ကစားသမား မာလန်းကို အက်စတွန် ဗီလာအသငး်ဆီ ရောင်းချဖို့ နီးစပ်နေပြီ ဖြစ်တာကြောင့် မာလန်းနေရာအတွက် ရပ်ရှ်ဖို့ဒ်နဲ့ အစားထိုးချင်နေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ကြားမှာလည်း ကစားသမား အပြောင်းအရွှေ့တွေက များစွာ ဖြစ်ပေါ်ခဲ့ဖူးတာကြောင့် အခု ရပ်ရှ်ဖို့ဒ် အပြောင်းအရွှေ့ပါ ဖြစ်ပေါ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။