မန်ချက်စတာယူနိုက်တက်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာ ကွင်းလယ်ပိုင်းအတွက် မာဆယ်ဆာဘစ်ဇာကို ခေါ်ယူ အားဖြည့်ခဲ့သလို အသင်းကလည်း ဒီလထဲမှာ ပွဲပေါင်းများစွာ ကစားရဖို့ ရှိနေပေမယ့်လည်း ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်ကတော့ သူ့အနေနဲ့ အသင်းအတွက် ပွဲတိုင်းလိုလိုမှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးချင်ပြီး အဲ့ဒီလိုသာ မကစားရရင် မပျော်ရွင်နိုင်ကြောင်း နည်းပြအဲရစ်တန်ဟက်ဂ်ကို ပြောကြားထားတယ်လို့ သိရပါတယ်။

Bruno Fernandes has claimed he wants to play every minute for Man United this season

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဆောင်းဈေးကွက် နောက်ဆုံးရက်မှာပဲ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အဲရစ်ဆင်နဲ့ ဗန်ဒယ်ဘိခ်တို့က ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားယူရတော့မှာဖြစ်တာကြောင့် ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးနဲ့ ကက်စမဲရိုးတို့သာ ကျန်ရှိနေတဲ့ ကွင်းလယ်ပိုင်းအတွက် ယူနိုက်တက်က ဆာဘစ်ဇာကို အငှားနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

The Portuguese star played the full 90 minutes against Nottingham Forest on Wednesday

Photo Credit : Daily Mail

ယူနိုက်တက်က အခု ဖေဖော်ဝါရီလထဲမှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ရှုံးထွက်ပလေးအော့ပွဲ(၂)ပွဲ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားဖိုင်နယ်ပွဲ အပါအဝင် ပွဲစဉ်ပေါင်း(၇)ပွဲကို ဆက်တိုက် ဆင်နွဲရမှာဖြစ်လို့ ဒီလို ပွဲဆက်တွေ များပြားနေချိန်မှာ ကစားသမားတွေ ပွဲပန်းမှု မရှိအောင် အသင်းသားတွေကို အလှည့်ကျပုံစံနဲ့ အသုံးပြုသင့်ပေမယ့်လည်း ဖာနန်ဒက်စ်ကတော့ အသင်းအတွက် ပွဲတိုင်းမှာ ပွဲချိန်ပြည့် ကစားသွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ “ကျွန်တော် အပြည့်အဝ ကြံခိုင်နေပါတယ်။ အသင်းအတွက်လည်း အဆင့်သင့် ရှိနေပါပြီ။ အသင်းအတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရ ဘာပြသာနာမှ မရှိပါဘူး။ ကျွန်တော်သာမကပဲ အသင်းသားတိုင်းက ပွဲတိုင်း ပွဲချိန်ပြည့် ကစားချင်ကြပါတယ်။ အခြားသူတွေထက် ပိုမို အနားယူဖို့ လိုအပ်နေတဲ့ ကစားသမားတွေ ရှိနေတယ်ဆိုပေမယ့်လည်း ကျွန်တော်ကတော့ အဆင်ပြေနေတယ်လို့ ခံစားရပါတယ်။ အဆင်ပြေတယ်ဆိုပေမယ့် နည်းပြက ကျွန်တော့်ကို အနားယူဖို့ လိုအပ်တယ်လို့ ထင်တဲ့အခါတိုင်း သူရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပွဲတိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ရှိနေရဖို့ လိုအပ်သလို နည်းပြကလည်း အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့်အရာကို ဆုံးဖြတ်တာကြောင့်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။