ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ်က အသင်းဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာကို အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ကလပ်အသင်းကို တရားဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

စပါးအသင်းနဲ့ ကစားရမယ့် စူပါဖလားပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရပြီးနောက် အီတလီဂိုးသမားဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါတယ်။ နည်းပြ လူးဝစ် အင်းနရစ်က ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့တာဝန်ယူမှုဖြစ်ပြီး ဂိုးသမားနေရာအတွက် ပုံစံကွဲပြားတဲ့ ကစားသမားတစ်ဦးကို လိုချင်တယ်လို့ ပြောကြားခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကို အီတလီလက်ရွေးစင်ကတော့ လုံးဝမကျေနပ်ခဲ့ပါဘူး။ ဒွန်နာရမ်မာက သူဟာ စိတ်ပျက်ပြီး အားငယ်ရတယ်လို့ ဒေါသတကြီး ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူ အန်ဇို ရိုင်အိုလာက အခုလိုပဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

Photo Credit : Reuters

ရိုင်အိုလာက Sky Italia နဲ့ တွေ့ဆုံရာမှာ “ပီအက်စ်ဂျီရဲ့လုပ်ရပ်ကြောင့် ကျွန်တော်တို့ တော်တော်လေး တုန်လှုပ်သွားပါတယ်။ (၄)နှစ်တာ အတူရှိခဲ့ပြီးနောက်မှာ ကလပ်ဘက်က လေးစားမှု လုံးဝမရှိတော့ပါဘူး။ ပီအက်စ်ဂျီဘက်က တောင်းဆိုမှုအမျိုးမျိုး လုပ်ခဲ့တယ်။ အဆုံးမှာတော့ သူ (ဒွန်နာရမ်မာ)က အသင်းမှာပဲ ဆက်နေချင်လို့ သူ့ရဲ့ လက်ရှိလစာထက် နည်းတဲ့ ကမ်းလှမ်းမှုကိုတောင် ကျွန်တော်တို့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က စည်းမျဉ်းတွေ ပြောင်းလဲပစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှ ပြန်တွေ့ဖို့ ဆွေးနွေးပွဲကို ရပ်ခဲ့ကြတယ်။ ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် ပြန်တွေ့တော့လည်း သူတို့က ဆက်လက် လက်တွဲလိုတဲ့ဆန္ဒကို အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၀)ရက်အတွင်းမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်မျိုးကို ကျွန်တော်တို့ လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။”

“ဂိုးသမားသစ်တစ်ယောက် ဝယ်ဖို့လိုအပ်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းအတွက် သူလုပ်ပေးခဲ့တာတွေ အားလုံးပြီးမှ ဒီလိုထုတ်ပယ်လိုက်တာက လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး ကျွန်တော့်ရဲ့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမှာပါ။ ဒီဆုံးဖြတ်ချက်ကို နည်းပြက ချမှတ်ခဲ့တယ်ဆိုပေမယ့် သူလည်း ကလပ်အတွက် အလုပ်လုပ်နေတာပဲလေ။ ဒါကြောင့် သူတို့ရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ဘက်က ပိုပြီးနားလည်အောင် လုပ်ဆောင်သွားချင်ပါတယ်။” လို့ ရိုင်အိုလာက ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ဒွန်နာရမ်မာရဲ့နေရာမှာ လိုင်လီအသင်းကနေ ခေါ်ယူထားတဲ့ လူကပ်စ် ရှီဗာလီယာက အစားထိုးဝင်ရောက်လာဖို့ ရှိနေပြီး အီတလီဂိုးသမားကတော့ ပရီးမီးယားလိဂ်ကို ဦးတည်လာနိုင်ပါတယ်။ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

အေးဂျင့်ဖြစ်သူ ရိုင်အိုလာက “ပရီးမီးယားလိဂ်ကလပ်တွေပဲ ကလပ်အသင်းရဲ့ မတန်တဆ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ သူတို့က လေးစားမှုအကြောင်း ပြောကြပေမယ့် အခုအချိန်မှာတော့ ငွေရေးကြေးရေးအရ လေးစားမှုပဲ ရှိပုံရတယ်။ ဒါက စီမံကိန်းတစ်ခုကို စွန့်ပစ်ပြီး ဒွန်နာရမ်မာအတွက် အကောင်းဆုံးကို ရှာဖွေပေးတာမျိုး မဟုတ်ဘူး။” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။