အီတလီဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ မန်ချက်စတာ စီးတီးအသင်းထဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူယုံကြည်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းက သူ့ကိုအလိုရှိခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
လက်ရှိ အီတလီလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် တာဝန်ထမ်းဆောင်နေတဲ့ ဂိုးသမားဟာ ပီအက်စ်ဂျီအသင်းကနေ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးထံ ပေါင် (၂၆)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ပြင်သစ်ထိပ်သီးကလပ်ကို ရောက်ရှိခဲ့ပြီးနောက် ဒွန်နာရမ်မာဟာ လီဂူး-၁ ပွဲစဉ် (၁၀၄)ပွဲနဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၄၀)အထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်း ဖလားသုံးလုံး (Treble) ရရှိရာမှာ သူဟာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေးဂိုးမရှိ (၆)ပွဲအထိ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
Photo Credit : Pure Football
ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကနေ ဂိုးသမားသစ် လူးကပ်စ် ရှက်ဗာလီယာကို ခေါ်ယူခဲ့ပြီးနောက် နည်းပြ လူးဝစ် အန်းရစ်ကေးက သူ့ကို အသင်းအတွက် ပိုလျှံနေသူအဖြစ် သတ်မှတ်ခဲ့တာကြောင့် အခုလို အသင်းပြောင်းခဲ့ရတာ ဖြစ်ပါတယ်။
အီတလီအသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒွန်နာရမ်မာက “စီးတီးကိုသွားဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ သူတို့က ကျွန်တော့်ကို ပြင်းပြင်းထန်ထန် အလိုရှိခဲ့တယ်။ နည်းပြကိုယ်တိုင်ကလည်း လိုချင်ခဲ့ပါတယ်။ ကျွန်တော်ယုံကြည်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းက အလိုရှိခြင်းခံရတာက ကျွန်တော့်ကို အရမ်းဂုဏ်ယူစေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Sky Sports
သူ့ရဲ့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး နည်းပြ လူးဝစ် အန်းရစ်ကေးနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ကြောင်း ဒွန်နာရမ်မာက ဆိုပါတယ်။ “လူးဝစ် အန်းရစ်ကေးနဲ့ ကျွန်တော် အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့ရွေးချယ်မှုတွေကို သူလုပ်ပိုင်ခွင့်ရှိတာ မှန်ကန်ပါတယ်။”
သူ့ရဲ့ ခြေထောက်နဲ့ ဘောလုံးပေးပို့ကစားနိုင်စွမ်းအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အသက် ၂၆ နှစ်အရွယ် ဂိုးသမားက “မဟုတ်ပါဘူး၊ ကျွန်တော့်ခြေထောက်နဲ့ ကစားရတာ ပြဿနာရှိတယ်လို့ မထင်ပါဘူး။ အသက် (၁၆)နှစ်အရွယ်ကတည်းက စီးရီးအေမှာ စကစားခဲ့တဲ့အချိန်ကစပြီး ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်ရင် အမှားတွေကတော့ အမြဲရှိနေမှာပါပဲ၊ ဒါပေမဲ့ ကျွန်တော် ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပြီးပြီလို့ ထင်ပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။