ဥရောပ စူပါဖလား ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ကစားသမားသစ် ဒိုကူက မန်ချက်စတာ စီးတီးဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမို့လို့ စီးတီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါလို့ စီးတီး ကစားသမားဘဝ ပထမဦးဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် လူငယ်ကြယ်ပွင့် ဒိုကူက အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူဟာ ရန်းနက်စ်ကနေ မန်ချက်စတာ စီးတီးထံ ၅နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ စီးတီးက သူ့အတွက် ရန်းနက်စ်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းအထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Manchester City

ဒိုကူက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းနဲ့ တိုးတက်နိုင်စွမ်းတွေကြောင့်ပဲ မန်ချက်စတာ စီးတီးက သူတို့အသင်းကနေ ထွက်ခွာသွားတဲ့ မာရက်ဇ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဒိုကူကို ပြန်လည် ခေါ်ယူခဲ့တာပါ။

ဒိုကူက မန်ချက်စတာ စီးတီးမှာ ကျောနံပါတ် ၁၁ကို ဝတ်ဆင် ကစားဖို့ ရှိနေပြီး စီးတီး ကစားသမား ဘဝ ပထမဦးဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒိုကူက သူ့ရဲ့ အသင်းသစ် မန်ချက်စတာ စီးတီးဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: Manchester City

ဒိုကူက – “မန်ချက်စတာ စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ဒါကြောင့် စီးတီးဆီ ပြောင်းရွှေ့ခွင့် ရခဲ့တာက ကျွန်တော့်အတွက်ရော ၊ မိသားစုအတွက်ပါ အရမ်းကို ထူးခြားပါတယ်။ ကျွန်တော်က လူငယ် ကစားသမား တဦး ဖြစ်တာကြောင့် လေ့လာသင်ယူစရာတွေ ၊ တိုးတက်ရမယ့် နေရာတွေ အများကြီး ရှိပါသေးတယ်။ ပပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ လက်တွဲခွင့် ရမယ့် အခွင့်အရေး ၊ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တွဲဖက် ကစားရမယ့် အခွင့်အရေးတွေက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား တဦး ဖြစ်လာစေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ စီးတီးက ဒိုကူကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဝုလ်ဗ်ကွင်းလယ်လူ မားသီးယပ်စ် နူနက်စ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေပြီး စီးတီးက နူနက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ဝုလ်ဗ်ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်လူအတွက် အနိမ့်ဆုံး ပေါင် ၇၀သန်း ဝန်းကျင် လိုချင်နေပါတယ်။