မန်ချက်စတာ စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမားလေး ဂျယ်ရမီ ဒိုကူက ဘုန်းမောက်နဲ့ ပွဲစဉ်အတွင်း ပရီးမီးယားလိဂ်မှာ စံချိန်သစ်တစ်ခု တင်ရှိသွားလောက်အောင် ခြေစွမ်းပြမိခဲ့ခြင်းအပေါ် အလွန် ဂုဏ်ယူမိတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ဒိုကူဟာ ဘုန်းမောက်နဲ့ ပွဲစဉ်မှာ (၁)ဂိုး စတင် သွင်းယူပြီး သူရဲ့အသင်းဖော်တွေအတွက် (၄)ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တစ်ပွဲတည်း (၅)ဂိုးထိ ပါဝင်ပတ်သက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တစ်ခု စိုက်ထူသွားနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

မန်စီးတီးက အသင်းရဲ့ ဝါရင့် တောင်ပံကစားသမား မာရက်ဇ် ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သွားခဲ့လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် winger လေး ဒိုကူကို ခေါ်ယူခဲ့ပြီး အခုဆို ဒိုကူက ပရီးမီးယားလိဂ်မှာ (၂)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

အခုလည်း စီးတီးက ဘုန်းမောက်ကို (6-1)နဲ့ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာပါ (၅)ဂိုးထိ ပါဝင်ပတ်သက်ခဲ့တဲ့ ဒိုကူက “ကျွန်တော် အလွန် ဂုဏ်ယူမိတယ်။ ဒီအသင်းမှာ ကစားရတာက အတော်လေးကို လွယ်ကူနေတယ်။ လှုပ်ရှားမှုတွေလည်း အများကြီးရတယ်။ ကစားသမားတိုင်းကလည်း ထိပ်တန်းအဆင့်တွေချည်းပဲ။”

Photo Credit : Sky Sports

“ဒီလို ထိပ်တန်း ကစားသမားတွေနဲ့ တွဲဖက် ကစားရတဲ့အခါမျိုးမှာ အချိန်ကိုက် မှန်ကန်တဲ့ ပေးပို့မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်တယ်။ အပွင့်လင်းဆုံးပြောရရင် ကျွန်တော် ဒီပွဲမှာ အချိန်ကိုက် ထွက်သွားရမလဲ ၊ ဘယ်လို နေရာယူရမလဲဆိုတာကို သိနေရတယ်။ ဒါက အရေးအကြီးဆုံးပါပဲ။ “

“ကျွန်တော်ရဲ့ ဂိုးဖန်တီးမှုတွေဟာလည်း ကွဲပြား ခြားနားပါတယ်။ အဲ့ဒါက ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ။ ကျွန်တော်ကတော့ ဂိုးဖန်တီးမှု တစ်ကြိမ်ပဲ လုပ်နိုင်မယ်ဆိုရင်တောင် ပျော်ရွှင်နေမိမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။