ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ပြင်သစ် နာမည်ကြီးကလပ် မိုနာကိုရဲ့ ဗဟိုခံစစ်မှူး ဒီဆာဆီကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ဗဟိုနောက်ခံလူ နေရာမှာ မာတီနက်ဇ် ၊ ဗာရန်း ၊ လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား ၊ ဘိုင်လီ စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘိုင်လီနဲ့ မက်ဂွိုင်းယားတို့က လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေသလို လင်ဒီလော့ဖ်ရဲ့ အနာဂတ်ကလည်း မရေရာသေးပါဘူး။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က နာပိုလီ ဗဟိုခံစစ်မှူး ကင်မင်ဂျေးနဲ့ မိုနာကို ဗဟိုခံစစ်မှူး ဒီဆာဆီတို့ကို သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေ အဖြစ် သတ်မှတ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒီဆာဆီက ယနေ့မနက် အစောပိုင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီး မန်ချက်စတာ ယူနိုက်တက်က ကင်မင်ဂျေးကို လက်လွှတ်လိုက်ရတာနဲ့ တပြိုင်နက် ဒီဆာဆီကို စာချုပ်ချုပ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Photo Credit: Football 365

ပြင်သစ် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ L’Equipe သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဆာဆီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဒီဆာဆီဟာ အပြောင်းအရွှေ့ဈေးကွက် စဖွင့်တဲ့ အချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း ထပ်ဆင့် အတည်ပြု ဖော်ပြပေးထားပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီဆာဆီက ယခုနှစ် ဘောလုံးရာသီမှာ မိုနာကို အတွက် ပြိုင်ပွဲစုံ ၄၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ တန်ကြေးကတော့ ယူရို ၃၀သန်း ဝန်းကျင် ရှိပါတယ်။