ကဲ မတင်ဆက်ပေးရတာ ကြာနေပြီ ဖြစ်တဲ့ ယူနိုက်တက်နဲ့ စပါး တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်တွေကို တဖန် ပြန်လည် တင်ဆက်ပေးသွားပါမယ်ဗျ။ ဒီတပတ်မှာ အာဆင်နယ်နဲ့ လီဗာပူး ပွဲစဉ်လို ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်သူဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးမယ့် ပွဲကြီးပွဲကောင်း ရှိနေသလို အဲဗာတန်နဲ့ စပါး ၊ ချယ်လ်ဆီးနဲ့ ဝုလ်ဗ် ၊ မန်ယူနဲ့ ဝက်စ်ဟမ်းတို့လို ကြည့်ကောင်းမယ့် ပွဲတွေလည်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ အတူတူ ဖတ်ရှုကြည့်ရအောင်ဗျာ။

Photo Credit: Sporting News

အဲဗာတန်နဲ့ စပါး (စနေနေ့ည ၇နာရီ)

တကယ်လို့ အဲဗာတန်သာ ဒီပွဲမှာ ရှုံးခဲ့မယ် ဆိုရင် သူတို့က ခက်ခဲတဲ့ အခြေအနေထဲ ကျရောက်သွားမှာပါ။ ဖူလ်ဟမ်နဲ့ပွဲမှာတုန်းက သူတို့ဟာ အနိုင်ရဖို့ နီးစပ်ခဲ့သလို ရှုံးနိမ့်ဖို့လည်း နီးစပ်ခဲ့ပါတယ်။ အဲ့ဒီပွဲက ၀-၀ ဆိုတဲ့ ရလဒ်နဲ့ ပြီးသွားတာကို မယုံနိုင်သေးပါဘူး။ ဂွတ်ဒီဆင်ပါ့တ်ကွင်းက ကစားရခက်တဲ့ ကွင်းတွေထဲမှာ ပါပါတယ်။ စပါးကတော့ ကြားရက်မှာ နိုင်ပွဲ ရယူထားနိုင်ပါတယ်။ စပါးက ဒီရာသီမှာ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေပေးနေတဲ့ အသင်းပါ။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေရလဒ်နဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – အဲဗာတန် ၁-၁ စပါး

Photo Credit: Sporting News

ချယ်လ်ဆီးနဲ့ ဝုလ်ဗ် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ချယ်လ်ဆီးက ခန့်မှန်းလို့ မရတဲ့ အသင်းမျိုး ဖြစ်နေပါပြီ။ သူတို့မှာ ထူးခြားတဲ့ ကစားသမားကောင်းတွေ ရှိနေတာကြောင့် တခါတရံမှာ သူတို့ရဲ့ ကစားပုံက ကောင်းနေတတ်ပါတယ်။ ဒါပေမယ့် သူတို့က မန်ချက်စတာ ယူနိုက်တက်လိုပဲ စွမ်းဆောင်ရည် မတည်ငြိမ်တဲ့ အသင်းပါ။ အန်ဖီးလ်ကွင်းမှာ လီဗာပူးက ချယ်လ်ဆီးကို ပြတ်ပြတ်သားသား အနိုင်ယူပြခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်လ်ဆီးက အိမ်ကွင်းနိုင်ပွဲ ရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၀ ဝုလ်ဗ်

Photo Credit: The Analyst

မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ဒေးဗစ် မိုရက်စ်က သူ မအောင်မြင်ခဲ့တဲ့ အိုးထရက်ဖို့ဒ်ဆီ နောက်တကြိမ် ပြန်ရောက်လာပါပြီ။ မိုရက်စ်က ယူနိုက်တက်မှာ မအောင်မြင်ခဲ့ပေမယ့် ဝက်စ်ဟမ်းမှာတော့ အောင်မြင်နေပါတယ်။ သူက ဆုဖလား တလုံး ယူပေးထားသလို ဥရောပဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတယ်။ ပြီးတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆက်ပြီး ရှိနေဆဲပါ။ ယူနိုက်တက်ကတော့ ရလဒ်ကောင်းတွေ ရဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အထူးသဖြင့် သူတို့တွေ ရှုံးပွဲ အများကြီး တွေ့ထားတဲ့ အိမ်ကွင်းမှာပေါ့။ ယူနိုက်တက်ရဲ့ ကစားသမားတွေက ကွင်းပြင်ပကိစ္စတွေကို အာရုံစိုက်နေတာတွေ လျှော့သင့်ပါပြီ။ ကျွန်တော်ကတော့ ဒီပွဲမှာ ယူနိုက်တက်တို့ အိမ်ကွင်းနိုင်ပွဲ ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ယူ ၃-၁ ဝက်စ်ဟမ်း

Photo Credit: Sporting News

အာဆင်နယ်နဲ့ လီဗာပူး (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီပွဲက ဒီတပတ်ရဲ့ အကြီးမားဆုံးပွဲ ဖြစ်သလို ချန်ပီယံတိုက်ပွဲကို အကြီးအကျယ် သက်ရောက်စေပါလိမ့်မယ်။ လီဗာပူးက မကြာသေးခင်ကပဲ ဒီနေရာမှာ အာဆင်နယ်ကို အနိုင်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးက ခြေတူတယ်လို့ မြင်ပါတယ်။ ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲဟာ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးမယ့် သရေပွဲလို့ပဲ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၂ လီဗာပူး

Photo Credit: Bet Fair

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘရိုက်တန် ၂-၁ ပဲလေ့စ်

ဘန်လေ ၁-၁ ဖူလ်ဟမ်

နယူးကာဆယ် ၂-၀ လူတန်

ရှက်ဖီးလ် ၁-၁ ဗီလာ

ဘုန်းမောက် ၁-၁ နော်တင်ဟမ် ဖောရက်စ်

ဘရန့်ဖို့ဒ် ၀-၂ မန်စီးတီး