ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို (၈)ကြိမ်အထိ ပိုင်ဆိုင်ထားတဲ့ လီယွန်နယ် မက်ဆီကို ခရစ္စတီယာနို ရော်နယ်လ်ဒို ဒါမှမဟုတ် ကီလီယန် အမ်ဘာပေတို့ထက် ပိုကောင်းတယ်လို့ ပြောဖို့က ခက်ခဲတယ်လို့ ပြင်သစ် လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ပြောကြားလာခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နှစ် အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးလိုက်နိုင်ပြီး နောက်ပိုင်းမှာ ဘာလွန်းဒေါဆုကို (၈)ကြိမ်အထိ ထပ်မံ ပိုင်ဆိုင်လိမ့်မယ်လို့ အဲ့ဒီအချိန်ကတည်းက ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit : SNL24

ဒီလို ရေပန်းစားတဲ့အတိုင်း မက်ဆီကပဲ ၂၀၂၃ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကို ဆွတ်ခူးခဲ့ပြီးတဲ့နောက် မက်ဆီထက် တစ်ရာသီလုံးမှာ အကောင်းဆုံး စွမ်းဆောင်ခဲ့တဲ့ ဟာလန်းက ပိုထိုက်တန်တယ်ဆိုတဲ့ စကားတွေ ခုထိ တောက်လျှောက် အငြင်းအခုန် ဖြစ်နေရပါတယ်။

အခုလည်း ကမ္ဘာ့ဖလား ဖိုင်နယ်မှာ မက်ဆီရဲ့ အာဂျင်တီးနားကို အရေးနိမ့်ခဲ့တဲ့ ပြင်သစ် နည်းပြ ဒက်စ်ချမ့်စ်ကိုယ်တိုင်ပါ မက်ဆီ ကို ရော်နယ်လ်ဒို ဒါမှမဟုတ် ဘာပေတို့ထက် ပိုကောင်းမွန်တယ်လို့ ပြောဖို့နဲ့ ဘောလုံးလောကရဲ့ အချိန်တိုင်း အကောင်းဆုံးလို့ ပြောဖို့က ခက်ခဲတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

“အာဂျင်တီးနား နိုင်ငံသားတွေက မက်ဆီကို ဘောလုံးလောကရဲ့ အမြဲတမ်း အချိန်တိုင်း အကောင်းဆုံး ကစားသမားတစ်ဦးလို့ ပြောကြတယ်။ ဒါပေမယ့် ရော်နယ်လ်ဒို ဒါမှမဟုတ် ပိုပြီး ငယ်ရွယ်တဲ့ အမ်ဘာပေတို့ထက် မက်ဆီက ပိုပြီးကောင်းတယ်လို့ ပြောဖို့ဆိုတာကတော့ ခက်ခဲပါတယ်။” လို့ နည်းပြ ဒက်စ်ချမ့်စ်က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ မက်ဆီက ဘာလွန်းဒေါဆုကို စံချိန်တင် (၈)ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပြီး ရော်နယ်လ်ဒိုကတော့ ဘာလွန်းဒေါရဲ့ နောက်ဆုံး ဆန်ခါတင်စာရင်းမှာ ပါဝင်လာခြင်း မရှိပဲ ဘာပေကတော့ ဘာလွန်းဒေါရဲ့ အဆင့်(၃)နေရာထိ ရပ်တည်သွားခဲ့ပါတယ်။