ယမန်နေ့မှာပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် နောက်ခံလူ အဲရစ် ဒိုင်ယာက ဘိုင်ယန်မြူးနစ်လို ထိပ်သီးအသင်း တသင်းမှာ ကစားခွင့် ရဖို့ဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်တခု ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် နောက်ခံလူ အဲရစ် ဒိုင်ယာက စပါးနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆယ်စုနှစ် တစု ကျင်လည်ခဲ့တဲ့ အရည်အသွေးမြင့် ဗဟိုနောက်ခံလူ တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့အတွက် စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၄သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: FC Bayern

အဲရစ် ဒိုင်ယာက ဗဟိုခံစစ် ၊ ညာနောက်ခံ ၊ ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်မှု ၊ ဘောလုံးကိုင် ကစားနိုင်မှုနဲ့ တွန်းတွန်းတိုက်တိုက် ကစားတတ်မှုတို့ကြောင့်ပဲ ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်လ်က သူ့ကို သဘောကျနေတာပါ။

ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ အဲရစ် ဒိုင်ယာက သူဟာ ငယ်စဉ်ကတည်းက ဘိုင်ယန်မြူးနစ်လို ဥရောပရဲ့ ထိပ်သီးအသင်း တသင်းမှာ ကစားဖို့ အိမ်မက် ရှိခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Photo Credit: FC Bayern

အဲရစ် ဒိုင်ယာက – “ဒီအပြောင်းအရွှေ့က ကျွန်တော့်ရဲ့ အိမ်မက်တခု ပြည့်ဝခဲ့တဲ့ အပြောင်းအရွှေ့လို့ ပြောရပါမယ်။ ကျွန်တော်ဟာ ငယ်ငယ်လေးထဲက ဘိုင်ယန်မြူးနစ်လို အသင်းကြီးမျိုးမှာ ကစားဖို့ အိမ်မက် မက်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်သလို ကြီးကျယ် ခမ်းနားတဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ အဲရစ် ဒိုင်ယာနဲ့အတူ စပါးမှာ အတွဲညီခဲ့တဲ့ ဟယ်ရီကိန်းက ဒိုင်ယာကို ဂျာမန်မြေနဲ့ အသားကျအောင် အစွမ်းကုန် ကူညီပေးနေပြီး ဟယ်ရီကိန်းက ဒိုင်ယာကို လေ့ကျင့်ရေးကွင်းဆီ အတူသွား ၊ အတူပြန် လုပ်ပေးမယ်လို့ ပြောထားကြောင်းလည်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။