မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသက်လက်တီကိုမက်ဒရစ်အသင်းက လေဗာကူဆင်အသင်းနဲ့ တစ်ဖက်(၂)ဂိုးစီ သရေကျပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပေမယ့်လည်း အသက်လက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီကတော့ အသင်းနည်းပြ ရာထူးကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Daily Mail
အာဂျင်တီးနားလူမျိုး နာမည်ကျော် ဘောလုံးနည်းပြဖြစ်သူ ဆီမြွန်နီဟာ အသက်လက်တီကိုအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ထိကို (၂)ကြိမ်ထိတောင် ပို့ဆောင်ထားနိုင်ဖူးသူဖြစ်ပြီး အသင်းကို တာဝန်ယူ ကိုင်တွယ်နေခဲ့တာဆိုရင်လည်း ဆယ်စုနှစ်တစ်ခုတောင် ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆီမြွန်နီက အသက်လက်တီကိုအသင်းကို ကိုင်တွယ်ပြီးနောက်ပိုင်း အသင်းကို နှစ်တိုင်းလိုလို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ထားနိုင်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း အမြဲလိုလို အုပ်စုကနေ နောက်တစ်ဆင့်ထိ တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo Credit : Daily Mail
ဒါပေမယ့် ဆီမြွန်နီဟာ ဒီနှစ်ရာသီမှာတော့ သူ့အသင်းကို ချန်ပီယံလိဂ်မှာ အုပ်စုကနေ ရှုံးထွက်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း မရှိပဲ ယူရိုပါလိဂ်တောင် မရေမရာ ဖြစ်နေရတဲ့ အခြေအနေထိ ရောက်ရှိနေခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဆီမြွန်နီကတော့ အသက်လက်တီကို နည်းပြရာထူးကနေ ထွက်သွားမှာ မဟုတ်ကြောင်း “ဒါဟာ အခက်အခဲဆုံး အခိုက်အတန့် ဖြစ်ပေမယ့် ချန်ပီယံလိဂ်လိုမျိုး ကျွန်တော်တို့ လိုအပ်တဲ့ အရာတွေ ရယူဖို့အတွက် ဒီကလပ်အသင်းမှာ ဆက်ပြီး ရှိနေဦးမှာပါ” လို့ ထုတ်ပြန် ပြောကြားသွားခဲ့ပါတယ်။ ဆီမြွန်နီရဲ့ အသက်လက်တီကိုအသင်းဟာ ဧည့်သည် လေဗာကူဆင်အသင်းရဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်မှုနောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး တစ်ဖက်(၂)ဂိုးစီနဲ့ ပွဲအဆုံးသတ်ခါနီးမှာ အသက်လက်တီကိုအတွက် ပင်နယ်တီကန်ခွင့် ရရှိခဲ့ရာ ကာရက်စ်ကိုက အသုံးမချနိုင်ခဲ့လို့ အသက်လက်တီကိုတို့ နောက်တစ်ဆင့်တတ်ဖို့ လက်လျှော့လိုက်ရတာ ဖြစ်ပါတယ်။ အခုတော့ အသက်လက်တီကိုနဲ့ လေဗာကူဆင်တို့က ချန်ပီယံလိဂ်ကနေ ထွက်ခွာရပြီဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာအတွက် အုပ်စုနောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ရဖွယ်လည်း ရှိနေပါတယ်။