ဘောလုံးသမား တော်တော်များများရဲ့ စိတ်ကူးထဲမှာ ဘာစီလိုနာ ရီးယဲလ် မက်ဒရစ်တို့လို giant clubs တွေမှာ ကစားရဖို့တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတွေဆီ ပြောင်းခွင့်ရဖို့နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ပါဝင် ကစားခွင့် ရရှိဖို့တို့ ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် မူဆာ ဒီယာဘီက သူ့ကို လုပ်ခ လစာ များစွာ ပေးချေသွားနိုင်မယ့် အယ်လ် နာဆာအသင်းထက် ပရီးမီးယားလိဂ်က အက်စတွန် ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ကိုပဲ ခေါင်းညိတ်သွားခဲ့ပါတယ်။

Photo Credit : TEAMtalk

 တကယ်တော့ ဒီယာဘီဆိုတဲ့ လေဗာကူဆင်ရဲ့ ပြင်သစ် တောင်ပံ ကစားသမားဟာ ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတွေရဲ့ အလိုအချင်ဆုံး ကစားသမား တစ်ဦးပါ။ သူ့ကိုလည်း လေဗာကူဆင်ဘက်က တန်ကြေး ယူရို သန်း (၅၀)သာ သတ်မှတ်ပေးထားတာ ဖြစ်ပြီး ဒီပမာဏက အသင်းကြီးတွေအတွက်တော့ မများလွန်းတဲ့ ပမာဏပါ။ ဒါပေမယ့် အသင်းမှာ အားထားရတဲ့ တောင်ပံ ကစားသမားတွေ ရှိနေသေးတာကြောင့် ဒီယာဘီကို ကမ်းလှမ်းမှုတွေ မပြုလုပ်ပဲ နေရာကနေ ဒီနွေမှာ လှုပ်ရှားမှုကောင်းနေတဲ့ ဗီလာက ဆက်ခနဲ ဒီယာဘီကို စိတ်ဝင်စားလာပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Football365

 ဒီချိန်မှာ နွေဈေးကွက်ထဲ အပြင်းအထန်ကို လှုပ်ရှားနေတဲ့ ဆော်ဒီ ကလပ်အသင်းတွေထဲကမှ အယ်လ် နာဆာအသင်းဟာလည်း ဗီလာနဲ့အပြိုင် ဒီယာဘီကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အယ်လ် နာဆာရဲ့ ကမ်းလှမ်းချက်တွေက ဒီယာဘီကိုရော လေဗာကူဆင်အသင်းကိုပါ စွဲဆောင်နိုင်ပေမယ့် ဒီယာဘီကတော့ ငွေနောက်လိုက်ဖို့ထက် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင် ကစားရဖို့အတွက် ဗီလာကိုသာ ရွေးချယ်ခဲ့သလို နည်းပြ အူနိုင်း အမ်မရီလက်ထက် ဗီလာအသင်းရဲ့ ပရောဂျက်တွေကိုလည်း သဘောတွေ့နေတာကြောင့် ဗီလာနဲ့ပဲ လက်တွဲချင်ခဲ့တာ ဖြစ်ပါတယ်။

 အခုလို ဒီယာဘီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိသွားတဲ့ ဗီလာအသင်းက ဒီယာဘီအတွက် လေဗာကူဆင် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး ဒီကမ်းလှမ်းချက်ကိုလည်း လေဗာကူဆင်ဘက်ကလည်း လက်ခံသွားဖို့ ရှိနေပါတယ်။