အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အိန်ဂျယ် ဒီမာရီယာက ဂျူဗင်တပ်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ စတင် စဉ်းစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာက ယခုနှစ် ဘောလုံးရာသီ အစကမှ ပီအက်စ်ဂျီ ကနေ ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

ကနဦးမှာ ဒီမာရီယာနဲ့ ဂျူဗင်တပ်တို့က စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သလို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် နီးစပ်ခဲ့ပေမယ့် ဂျူဗင်တပ်ဘက်က သဘောတူထားတဲ့ တချို့အချက်တွေကို ပြန်လည် ပြင်ဆင်ဖို့ ကြိုးစားခဲ့တာကြောင့် ဆွေးနွေးမှုတွေက ရပ်တန့်သွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒီမာရီယာက ဂျူဗင်တပ်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ စတင် စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Juventus FC

လက်ရှိမှာတော့ ဆော်ဒီလိဂ်ရဲ့ ထိပ်သီးအသင်း တချို့နဲ့ မေဂျာလိဂ်ရဲ့ နာမည်ကြီးကလပ် တချို့က ဒီမာရီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဒီမာရီယာရဲ့ ကိုယ်စားလှယ်တွေက ဒီမာရီယာ အတွက် အသင်းသစ်ကို စတင် ရှာဖွေဖို့ ရှိနေပါတယ်။