အာဂျင်တီးနား ဝါရင့် တောင်ပံကစားသမားကြီး အိန်ဂျယ် ဒီမာရီယာက လီယွန်နယ် မက်ဆီလို ကစားသမားမျိုးနဲ့ တစ်သင်းတည်းမှာ တွဲဖက်ကစားနေရတာက သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးသော အခိုက်အတန့်တွေပဲလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ညာတောင်ပံကစားသမား ဒီမာရီယာဟာ သူရဲ့ကစားသမားဘဝပတွင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို နဲ့ လီယွန်နယ် မက်ဆီတို့လို လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးနှစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ကစားသမားတွေနဲ့အတူ တစ်သင်းတည်းမှာ တွဲဖက်ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။

Photo Credit : India TV News

ဒီမာရီယာက ရီးယဲလ် မက်ဒရစ်အသင်းမှာ ရော်နယ်လ်ဒိုနဲ့အတူ တွဲဖက်ကစားခဲ့ဖူးသလို အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတွေမှာတော့ မက်ဆီနဲ့ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီမာရီယာက သူရဲ့ ပထမဆုံး ဥရောပကလပ်ဖြစ်တဲ့ ဘင်ဖီကာအသင်းမှာ ကစားနေပါတယ်။

ဒီမာရီယာက ဒီကစားသမားတွေနဲ့ တွဲဖက်ကစားရင်း ဆုဖလား အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပြီး သူရဲ့လက်ရွေးစင် အသင်းဖော် မက်ဆီနဲ့ တွဲကစားရတာကတော့ ကစားသမားဘဝရဲ့ အကောင်းဆုံးပဲလို့ပါ ဖွင့်ဟလာခဲ့ပါတယ်။ “မက်ဆီနဲ့ တွဲဖက်ကစားရတာက ကျွန်တော့် ကစားသမားဘဝတစ်လျှောက်အတွက် အကောင်းဆုံး ဖြစ်ခဲ့တာပါ။”

Photo Credit : Marca

“လုံးဝ အကောင်းဆုံးအရာတွေပါပဲ။ နှစ်ပေါင်းများစွာကြာအောင် ခင်မင်ရင်းနှီးမှု တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ဒီကောင်လေးက ကွင်းအတွင်းရော ကွင်းအပြင်မှာပါ တကယ် အံ့မခန်းပါပဲ။ ကျွန်တော် ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲကစားပြီးတော့ လီယိုကို မင်းနဲ့အတူ ကစားခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောမိခဲ့ပါသေးတယ်။”

“ကျွန်တော်က ဘယ်တော့မှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့မှာ မဟုတ်ပေမယ့် လီယို ဘာစီလိုနာကနေ ထွက်ခွာသွားမယ့် အချိန်မှာတော့ ကျွန်တော်နဲ့ ပါရေဒက်စ်တို့က ပီအက်စ်ဂျီအသင်းဆီ ပြောင်းလာပြီး ကျွန်တော်တို့နဲ့ တွဲကစားဖို့ ပြောခဲ့ပါသေးတယ်။ နေ့တိုင်း သူနဲ့အတူ ရှိခဲ့ရတဲ့ နှစ်က တကယ်ကို ထူးထူးခြားခြားလေး ရှိခဲ့ရပါတယ်။” လို့ ဒီမာရီယာက ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။