ကွင်းအတွင်းမှာ အပြင်းအထန် အချေအတင် ဖြစ်ခဲ့ကြပေမယ့် ပွဲအပြီးမှာတော့ အက်တလက်စ် တိုက်စစ်မှူး မားတီးယက်စ် ကော့ကာရိုနဲ့ အင်တာ မိုင်ယာမီ တိုက်စစ်ကစားသမားကြီး လီယွန်နယ် မက်ဆီတို့ဟာ ရင်းရင်းနှီးနှီး ပွေ့ဖက်ပြီး ဂျာစီချင်း လဲလှယ်ခဲ့ကြပါတယ်။
Leagues Cup ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေထဲက ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အခိုက်အတန့်တစ်ခုအဖြစ် အင်တာ မိုင်ယာမီနဲ့ မက္ကဆီကိုကလပ် အက်တလက်စ်တို့ရဲ့ ပွဲစဉ်ပွဲမှာ အက်တလက်စ် တိုက်စစ်မှူး ကော့ကာရိုနဲ့ မက်ဆီတို့ကြား ကွင်းအတွင်း စကားများ အချင်းများခဲ့ကြပြီး အဲဒီနောက်မှာပဲ မက်ဆီရဲ့ဖန်တီးပေးမှုကနေ သူ့အသင်းဖော်က နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
Photo Credit : Goal
ကွင်းထဲမှာတော့ သူတို့နှစ်ဦးရဲ့ အခြေအနေက တင်းမာနေပုံရပေမယ့် ပွဲအပြီးမှာတော့ အပြန်အလှန် လေးစားမှုတွေနဲ့ အဆုံးသတ်ခဲ့တယ်လို့ ကော့ကာရိုက ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့ ချေပဂိုးသွင်းလိုက်တဲ့အချိန်မှာ ကျွန်တော်က အသင်းဖော်တွေကို အားတက်အောင် အော်ဟစ်အားပေးခဲ့တာကို သူ (မက်ဆီ) သဘောမကျခဲ့ဘူး” လို့ ကော့ကာရိုက ပြောပါတယ်။
“အဲဒီနောက် သူတို့အသင်း အနိုင်ဂိုးရသွားတော့ သူက ကျွန်တော့်ရှေ့တည့်တည့်မှာပဲ ပေါက်ကွဲပျော်ရွှင်ပြခဲ့တယ်။ ဒါပေမဲ့ ပွဲပြီးသွားတော့ ကျွန်တော်တို့နှစ်ယောက် ပွေ့ဖက်ခဲ့ကြပါတယ်။ ကျွန်တော် သူ့ကို ‘ခင်ဗျားလိုလူကို ကျွန်တော်က ဘာများပြန်ပြောနိုင်မှာလဲဗျာ’ လို့ ပြောခဲ့တယ်။ ကျွန်တော်က ပြိုင်ဆိုင်လိုစိတ် ပြင်းပြသူတစ်ယောက်ပါ၊ အမြဲတမ်း အနိုင်လိုချင်တယ်။”
Photo Credit : The18
“သူက ဒါကို နားလည်ပေးပြီး ‘ငါ မင်းအတွက် ငါ့ဂျာစီကို ပို့ပေးလိုက်မယ်’ လို့ ပြန်ပြောခဲ့ပါတယ်။ သူကိုယ်တိုင် ကျွန်တော့်ဆီလာပြီး ဒီလို တောင်းပန်စကားပြောခဲ့တာက သူဘယ်လောက်ထိ ကြီးမြတ်တဲ့ လူတစ်ယောက်လဲဆိုတာကို ပြသနေပါတယ်။ ဒီအဖြစ်အပျက်က ကျွန်တော့်အတွက် တကယ်ကို ကောင်းမွန်တဲ့ အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့တယ်။”
သူက ဆက်ပြီး “မက်ဆီက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားပါ။ သူနဲ့ဆိုရင်တော့ ကျွန်တော် ပါးစပ်ပိတ်နေလိုက်တယ်။ တခြားဘယ်သူနဲ့မှတော့ ဒီလိုမဟုတ်ဘူး။ ပြီးတော့ ဆွာရက်ဇ်ကတော့ ကျွန်တော့်ရဲ့ အိုင်ဒေါပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။ ကော့ကာရိုက ဒီကိစ္စဟာ ကိုယ်ရေးကိုယ်တာ ရန်လိုမှုမျိုးမဟုတ်ဘဲ အက်တလက်စ်အသင်းအတွက် အကောင်းဆုံးကြိုးစားရင်း ဖြစ်ပေါ်လာတဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မက်ဆီက နားလည်ပေးခဲ့တယ်လို့ ဆိုပါတယ်။