မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ လက်ရှိမှာ နည်းပြလစ်လပ်သွားတဲ့ ဒေါ့မွန်အသင်းနဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေရပေမယ့် တန်ဟက်ဂ်ကတော့ လာမယ့် ရာသီမှသာ နည်းပြအလုပ်ကို ပြန်လုပ်သွားဖို့သာ ဆန္ဒရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒေါ့မွန်က ဒီရာသီအစမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားတဲ့ နည်းပြတာဇစ်နေရာအတွက် ကစားသမားဟောင်း နူရီ ဆာဟင်နဲ့ အစားထိုး ပြန်လည် ခန့်အပ်ခဲ့ပေမယ့် ဆာဟင်လက်ထက်မှာ အသင်းက ရလဒ်ပိုင်းတွေ ဆိုးရွှားလာခဲ့ပြီး ဘွန်ဒက်စ်လီဂါထဲ အဆင့်(၁၀)ထိ ရောက်နေရသလို မနေ့ညကလည်း ချန်ပီယံလိဂ်မှာ ဘိုလော့ဂ်နာကို ရှုံးနိမ့်ခဲ့ပါသေးတယ်။

Photo Credit : Football Transfer

ဒါ့အပြင် ဒေါ့မွန်က နောက်ဆုံး (၄)ပွဲဆက်တိုက်အထိ ရှုံးပွဲဆက်နေခဲ့တာကြောင့် အသင်းဘက်ကနေ နည်းပြ ဆာဟင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ အခုဆို ဒေါ့မွန်က ဆာဟင်နေရာမှာ အစားထိုးဖို့အတွက် နည်းပြများစွာနဲ့ ချိန်ရွယ်ထားပြီး ဒီထဲမှာ တန်ဟက်ဂ်ပါ ပါဝင်လာခဲ့ပါတယ်။

အေဂျက်စ်နဲ့ မန်ယူနိုက်တက်တို့ရဲ့ နည်းပြဟောင်း တန်ဟက်ဂ်က ဘိုင်ယန်မြူးနစ် အရန်အသင်းမှာလည်း နည်းပြအဖြစ် အချိန်အနည်းငယ်ခန့် ကိုင်တွယ်ခဲ့ဖူးတာကြောင့် ဂျာမန်ဘောလုံးလောကနဲ့ပါ ရင်းနှီးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်က လက်ရှိမှာလည်း ကလပ်အသင်းလက်မဲ့ နည်းပြတစ်ဦးလည်း ဖြစ်နေပါသေးတယ်။

Photo Credit : United in Focus

ဒါပေမယ့် ဗြိတိန်ရဲ့ နာမည်ကျော် သတင်းမီဒီယာ The Athletic ရဲ့ ဖော်ပြချက်မှာတော့ တန်ဟက်ဂ်က အခုလို ဘောလုံးရာသီဝက်နဲ့ နည်းပြအလုပ်ကို ပြန်လည် လုပ်ဆောင်သွားဖို့ထက် ရာသီသစ်မှသာ အသင်းသစ် တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့သာ စိတ်အားထက်သန်လို့နေပါတယ်။

ဒီအခြေအနေမှာ ဒေါ့မွန်အနေနဲ့ တန်ဟက်ဂ်ထက် တန်ဟက်ဂ်လို အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲကမှ ဘင်ဖီကာ လေဗာကူဆင် PSV တို့ရဲ့ နည်းပြဟောင်း ရော်ဂျာ ရှမစ်နဲ့ ဘိုင်ယန်မြူးနစ် ဖရန့်ဖတ် ဝုလ်ဖ်ဘတ်အသင်းတွေရဲ့ နည်းပြဟောင်း နီကို ကိုဗက်စ်တို့ကိုပါ ပစ်မှတ်ထားလာခဲ့သလို စတုဂတ်နည်းပြ ဆီဘက်စတီယန် ဟိုးနက်စ်ကိုလည်း စောင့်ကြည့်နေပါတယ်။