ပြင်သစ်အသင်းရဲ့ နည်းပြချုပ် ဒီဒီယာ ဒက်ချမ့်စ်က အာဆင်နယ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ဆာလီဘာဟာ ထိပ်တန်း ဗဟိုခံစစ်မှူး တဦး ဖြစ်ပေမယ့် သူ မကြိုက်တဲ့ အရာတွေကို လုပ်လေ့ ရှိတာကြောင့် သူ့ရဲ့ စိတ်ကြိုက် ဗဟိုခံစစ်မှူး မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၅၅နှစ် အရွယ် နည်းပြကြီး ဒီဒီယာ ဒက်ချမ့်စ်က ၂၀၁၂ခုနှစ်မှ စတင်ကာ ပြင်သစ်အသင်းကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူက ပြင်သစ်နဲ့အတူ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသလို သူ့ရဲ့လက်အောက်မှာ ပြင်သစ်က ကမ္ဘာ့ဖလားကို ၁ကြိမ် ရရှိခဲ့သလို နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒုတိယဆုကို အရယူထားနိုင်ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဆာလီဘာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အာဆင်နယ်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဒီရာသီမှာလည်း ဆာလီဘာက အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

ဆာလီဘာက အာဆင်နယ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ပြင်သစ်အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် အခုချိန်အထိ ဆာလီဘာဟာ ပြင်သစ်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး ဒက်ချမ့်စ်ကတော့ ဆာလီဘာဟာ သူ မကြိုက်တဲ့ အရာတွေကို လုပ်လေ့ ရှိတာကြောင့် ဆာလီဘာကို ပုံမှန် ကစားခွင့် မပေးသေးတာလို့ တရားဝင် ထုတ်ပြောလာပါတယ်။

Photo Credit: Metro

ဒက်ချမ့်စ်က – “ဆာလီဘာဟာ ကောင်းမွန်တဲ့ရာသီ တခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူက ကျွန်တော် မကြိုက်တာတွေကို ဆက်လုပ်နေတုန်းပါပဲ။ ပြင်သစ်အသင်းမှာ သူက ကစားခွင့် အနည်းငယ်ပဲ ရထားပါတယ်။ ဒါကလည်း ကစားခွင့် ရတဲ့ အချိန်တွေမှာ ကောင်းကောင်း မကစားနိုင်တာနဲ့ ဆိုင်ပါတယ်။ လက်ရှိ အသင်းရဲ့ စုဖွဲ့မှုအရ သူက နေရာရဖို့ အချိန်ယူရပါဦးမယ်။ ဒါပေမယ့် သူက အသင်းရဲ့ အစီအစဉ်တွေထဲမှာ ပါပါတယ်။ အခုချိန်မှာ အူပါမီကာနိုက ကစားခွင့် ရနေတဲ့ အတွက် ဆာလီဘာကတော့ ကစားချိန် နည်းနေပါဦးမယ်။ တချို့ ကစားသမားတွေ အတွက် ကျွန်တော်က ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မသင့်လျော်တဲ့ လူထုတ်ပုံတွေကြောင့် ကစားသမားတွေရဲ့ ယုံကြည်မှုကို ထိခိုက်နိုင်လို့ပါ။ တချို့ ကစားသမားတွေက စိုးရိမ်စိတ် မရှိကြပါဘူး။ တချို့ ကစားသမားတွေကျ ကစားခွင့် ရဖို့ လိုအပ်ပါတယ်။ ဆာလီဘာက ကစားခွင့် သိပ်မရတဲ့ အတွက် တည်ငြိမ်မှု အားနည်းနေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ပြင်သစ်အသင်းမှာ ဆာလီဘာ အပြင် အူပါမီကာနို ၊ ပါဗက် ၊ ကိုနာတေး ၊ ခွန်ဒေ စတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူးတွေ ရှိနေတာကြောင့် ဆာလီဘာက ပြင်သစ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဖြစ်ချင်ရင် စိတ်ရှည်ရှည် ထားပြီး ကြိုးစားဖို့ လိုအပ်ပါတယ်။