ပီအက်စ်ဂျီ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီက မနေ့ညက ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် Ballon d’Or ဆုပေးပွဲမှာ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်လေး လာမင်း ယာမယ်လ်ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့ပြီးနောက်မှာတော့ ယာမယ်လ်ဟာ အနာဂတ်မှာ ဒီဆုကို အကြိမ်ပေါင်းများစွာ ရယူနိုင်လိမ့်မယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ ဒီရလဒ်အပေါ်မှာ ယာမယ်လ်ရဲ့ဖခင်ကတော့ လုံးဝမကျေမနပ်ဖြစ်ခဲ့ဘဲ သူ့သားကို ဆုမပေးခဲ့ခြင်းဟာ ခိုးယူမှုတစ်ခုလိုဖြစ်ခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ လီယွန်နယ် မက်ဆီပြီးနောက်မှာ Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက် ပီအက်စ်ဂျီကစားသမား ဖြစ်လာခဲ့ပါတယ်။
Photo Credit : Deccan Chronicle
သူဟာ ၂၀၂၄-၂၅ ရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ အံ့မခန်းခြေစွမ်းပြခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလား အပါအဝင် အဓိကဆုဖလားကြီး (၄)လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက ပြိုင်ပွဲစုံမှာ ဂိုးရလဒ်များမှာ ပါဝင်ပတ်သက်မှု ၅၃ ကြိမ် (၃၇ ဂိုး၊ ၁၆ ဖန်တီးမှု) အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၈)ဂိုးသွင်း (၆)ဂိုး ဖန်တီးပေးခဲ့ပြီး ပြိုင်ပွဲတစ်ရာသီအတွင်း ပြင်သစ်ကစားသမားတစ်ယောက်ရဲ့ ဒုတိယမြောက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် ကာရင် ဘန်ဇီမာရဲ့နောက်မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ French Football မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ရဲ့ အဆိုအရ ဒမ်ဘီလီဟာ ယာမယ်လ်ကို “မဲအပြတ်အသတ်နဲ့” အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo Credit : Foot Africa
အသက် (၂၈)နှစ်အရွယ် ဆုရှင် ဒမ်ဘီလီက လူငယ်ကစားသမားလေး ယာမယ်လ်ရဲ့အချိန် ရောက်လာမှာဖြစ်ကြောင်း အခုလို ချီးကျူးခဲ့ပါတယ်။ “လာမင်း ယာမယ်လ်က ထူးခြားတဲ့ exceptional လူငယ်လေးတစ်ယောက်ပါ။ အရမ်းရင့်ကျက်ပြီး အံ့ဩစရာကောင်းတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ အခြေအနေအားလုံးသာ သူ့ဘက်မှာရှိနေမယ်ဆိုရင် သူက Ballon d’Or ဆုတွေကို အကြိမ်ပေါင်းများစွာ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။” လို့ ဒမ်ဘီလီက ပြောကြားခဲ့ပါတယ်။
ယာမယ်လ်ဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက ဂိုးပါဝင်ပတ်သက်မှု (၂၆)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဘောလုံးဆွဲပြေးမှု အကြိမ်အများဆုံး (၄၉၄ ကြိမ်) နဲ့ အအောင်မြင်ဆုံး (၂၆၂ ကြိမ်) ကစားသမားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း အမ်ဘာပေရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ယာမယ်လ်ဟာ ဒီဆုပေးပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်တဲ့ Kopa Trophy Award ကိုတော့ ဒုတိယအကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။