စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အူစမာနီ ဒမ်ဘီလီက ပြီးခဲ့တဲ့ ၂ရာသီဆက် သူတို့အသင်းကို ဂိုးပြတ်တွေ အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ အုပ်စုအဆင့်မှာ ပြန်လည် တွေ့ဆုံနေတာကို အတော်လေး ပျော်ရွှင်နေပြီး သူတို့အသင်းဟာ ဒီနှစ်မှာတော့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူရတော့မယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်တို့ဟာ မကြာခဏ ဆိုသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံလေ့ ရှိကြတဲ့ အသင်းတွေ ဖြစ်ပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံထားတဲ့ ၃ပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ၃ပွဲစလုံးကို အနိုင်ရထားပြီး သွင်းဂိုး ၁၄ဂိုး အထိ ရရှိထားသလို ပေးဂိုးကလည်း ၂ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: Bild

အထူးသဖြင့် ၂၀၂၀ခုနှစ်မှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ သမိုင်းဝင် ဂိုးပြတ်နိုင်ပွဲ တပွဲနဲ့အတူ အနိုင်ရထားပြီး အဆိုပါ ရလဒ်ကြောင့်ပဲ ဘာစီလိုနာ ကစားသမားတွေဟာ ဘိုင်ယန်မြူးနစ်နဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ကြိမ်စလုံးမှာ စိတ်ပိုင်းဆိုင်ရာအရ အရေးနိမ့်မှုကို ခံစားခဲ့ရကာ ဘာစီလိုနာက ၂ပွဲစလုံးမှာ ၃-၀ ဆိုတဲ့ ရလဒ်တွေနဲ့ပဲ ဘိုင်ယန်မြူးနစ်ကို အရှုံးပေးထားရပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ ကစားသမား အများစုက ဘိုင်ယန်မြူးနစ်ကို ပြန်လည် လက်စားချေချင်နေကြပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဒမ်ဘီလီကလည်း သူတို့အသင်းဟာ ဒီနှစ်မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bild

ဒမ်ဘီလီက – “ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်ကို အနိုင်ယူချင်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ၂နှစ်ဆက် အနိုင်ရထားတာပါ။ ဒီနှစ်ကတော့ ကျွန်တော်တို့တွေ သူတို့ကို ပြန်ပြီး အနိုင်ယူရမယ့် အလှည့်ပါပဲ။ ကျွန်တော်တို့ သူတို့ကို နိုင်မှပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က သူတို့နဲ့ ရင်ဆိုင် ကစားဖို့ မကြောက်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။