ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားလာတဲ့ ဆယ်စုနှစ် တစုကျော်သွားပေမယ့် အသင်းမှာပဲ ဆက်လက် နေထိုင်ချင်သလို အသင်းက သူ့ကို လိုအပ်နေသရွေ့ မန်ယူမှာပဲ ဆက်လ်က နေထိုင်ချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ဒီဂီယာက ၂၀၁၁ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံးလက်ဆောင် အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဒေးဗစ် ဒီဂီယာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တဦး ဖြစ်သလို သူ့ရဲ့ ထိပ်တန်းအဆင့် လက်စွမ်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် အသင်းကို စတင် ရောက်ရှိချိန်ကတည်းက နံပါတ်တစ် ဂိုးသမားရာထူးကို အပိုင် သိမ်းပိုက်ထားနိုင်သူပါ။

လက်ရှိမှာ ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့ပြီး အသင်းဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် ကမ်းလှမ်းလာခြင်း မရှိသေးပဲ ဒီဂီယာကတော့ သူဟာ အသင်းမှာပဲ နှစ်တွေ အများကြီး ဆက်ကစားချင်သလို အသင်းဘက်က သူ့ကို လိုအပ်နေသရွေ့ ဆက်နေသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဒီဂီယာက – “ကျွန်တော်က စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်သူနဲ့မှ စကားမပြောရသေးပါဘူး။ ဒါပေမယ့် သေချာတာက ကျွန်တော်ဟာ ဒီနေရာ ၊ ဒီအသင်းမှာ ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ အသင်းဘက်က ကျွန်တော့်ကို လိုအပ်နေသရွေ့ အသင်းမှာပဲ ဆက်နေသွားပါမယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ်တွေအများကြီး ဆက်ကစားချင်ပါသေးတယ်” လို့ သူ့ရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောပြသွားခဲ့တာပါ။