အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ် သူ့အသင်းဖော်တွေအနေနဲ့ သွင်းဂိုးတွေအတွက် အဆုံးသတ် သေချာမှု မရှိတာတွေအပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာပါ ပိုမို တိုးတက်လာဖို့ လိုအပ်နေသေးတယ်လို့ ဖူလ်ဟမ်နဲ့ ပွဲစဉ်အပြီးမှာပဲ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ဝက်စ်ဟမ်း ဖူလ်ဟမ်တို့လို လန်ဒန် မြို့ခံကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ် (၂)ပွဲဆက်တိုက် (0-2) (2-1) ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးပွဲတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး အမှတ်ပေးဇယားမှာလည်း အဆင့် (၄)နေရာထိပါ ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

အသင်းက လီဗာပူးလ်နဲ့အပြိုင် အမှတ်ပေး ချန်ပီယံဆုဖလားကို အပြိုင်လုရမယ့် အခြေအနေကနေ အခုလို ရှုံးပွဲတွေ ဆက်လာခဲ့ရင်းကနေ လီဗာပူးလ်နဲ့ (၁)ပွဲလျော့ (၂)မှတ် ကွာဟသွားခဲ့ရပြီ ဖြစ်သလို ရလဒ်တွေ ပြန်ကောင်းလာတဲ့ မန်စီးတီးကပါ အာဆင်နယ်ကို ပြန်လည် ကျော်တက်သွားဖို့ ရှိနေပါတယ်။

ဖူလ်ဟမ်ကို အရှုံးပေးခဲ့ရတဲ့ ပွဲစဉ်မှာလည်း အာဆင်နယ်က ပုံစံကောင်းတွေ ပြသနိုင်ခြင်း မရှိပဲ တစ်ဂိုးအသာနဲ့ ဦးဆောင်ပြီးကတည်းက ပြိုင်ဘက်အသင်းထံ အခွင့်အရေးတွေ များစွာ ခွင့်ပြုပေးရင်နဲ့ အခုလို ရှုံးပွဲ ကြုံတွေ့သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : Yardbarker

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ဒက်ကလန်ရိုက်စ်က “ကျွန်တော်တို့တွေ အများကြီး ပိုကောင်းအောင် ကစားနိုင်ခဲ့ရမှာ။ ကျွန်တော်တို့က ဒီလိုမျိုး ပွဲစဉ်တွေမှာ အသင်းဖော်တွေ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ပိုမို တောင်းဆိုနေရမှာ။ ကျွန်တော်က အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်ဖို့ တိုက်ပွဲဝင်နေတုန်းမှာ”

“ကျွန်တော်တို့က ဂိုးတွေကို အများကြီး ခွင့်ပြုပေးနေရတယ်။ ဒါတွေက ဖြစ်လာလို့ မရနိုင်ပါဘူး။ ဒီလို အခြေအနေတွေကနေ ကျွန်တော်တို့ အားလုံးကို ဆွဲချသွားမယ့် အဖြစ်မျိုး အဖြစ်ခံလို့ မရပါဘူး။ အခု ကျွန်တော်တို့တွေက အသင်းပရိသတ်တွေကိုရော ကျွန်တော်တို့ ကိုယ်တိုင်ကိုပါ ဆွဲချနေသလိုတောင် ဖြစ်နေပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။