ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို သွားရောက်ရမယ့် အာဆင်နယ်အသင်းဟာ ပထမအကျော့က ၁-၀ ရှုံးကြွေးကို ပြန်လည် ပေးဆပ်ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က အသင်းအနေနဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ နောက်ထပ် မှော်ဆန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပြနိုင်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဂန်းနားတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ရိုက်စ်ဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ် မက်ဒရစ်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ အံ့အားသင့်ဖွယ် ဖရီးကစ် (၂)လုံးကို တိုက်ရိုက်သွင်းယူပြီး အသင်းကို ကူညီခဲ့သူဖြစ်ပြီး အခုတစ်ကြိမ်မှာလည်း အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။

Photo Credit : The Tines

ပီအက်စ်ဂျီကို အနိုင်ရဖို့အတွက် နောက်ကနေ လိုက်ကစားရမယ့် အခြေအနေဖြစ်ပေမယ့် နည်းပြ မီခေးလ် အာတီတာက အသင်းသားအားလုံးကို စိတ်ဓာတ်တက်ကြွစေမယ့် အမှာစကားတွေ ပြောကြားခဲ့ပြီး အသင်းသားတွေအားလုံး အနိုင်ရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်ရှိနေကြပြီလို့ ရိုက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရိုက်စ်က “ကျွန်တော်ထင်တယ် နည်းပြက ဒါမျိုးတွေကို မှော်ဆန်တဲ့အခိုက်အတန့်တွေလို့ ခေါ်လေ့ရှိပါတယ်။ သူက အမြဲတမ်း တစ်စုံတစ်ယောက်က အသင်းအတွက် မှော်ဆန်တဲ့အခိုက်အတန့်တစ်ခုကို ဖန်တီးပေးဖို့ ပြောလေ့ရှိတယ်။ မက်ဒရစ်နဲ့ပွဲတုန်းကဆိုရင် ကျွန်တော်ကိုယ်တိုင် မယုံနိုင်လောက်စရာ ဖရီးကစ်နှစ်လုံး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မနက်ဖြန်ညမှာ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲကတော့ တစ်ခြားတစ်ယောက်ယောက်အတွက် အဲဒီမှော်ဆန်တဲ့အခိုက်အတန့်ကို ရယူဖို့ အခွင့်အရေး ဖန်တီးပေးထားသလိုပါပဲ။”

Photo Credit : FotMob

“ကျွန်တော်ကိုယ်တိုင် ထပ်ပြီးတော့ အသင်းအတွက် အရေးပါတဲ့သူဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပွဲတစ်ပွဲကိုအနိုင်ရဖို့အတွက် မှော်ဆန်တဲ့အခိုက်အတန့်တစ်ခု လိုအပ်မှာဖြစ်ပြီး အသင်းတစ်သင်းအနေနဲ့လည်း ကျွန်တော်တို့ ဒါကို လိုအပ်ပါတယ်။ ဒါကြောင့် မနက်ဖြန်ညမှာ ကျွန်တော်တို့ အားလုံးပေါင်းပြီး ထူးခြားတဲ့အရာတစ်ခုခုကို ဖန်တီးပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ သူတို့ရဲ့ တစ်ခုတည်းသော ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ၂၀၀၆ ခုနှစ်က ပဲရစ်မြို့မှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ဖူးပေမယ့် ပီအက်စ်ဂျီ ကစားသမားဟောင်းတစ်ဦးလည်းဖြစ်သူ မီခေးလ် အာတီတာကတော့ ဒီတစ်ကြိမ်မှာ သမိုင်းကို ပြောင်းလဲနိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဆိုသွားခဲ့ပါတယ်။