အာဆင်နယ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က သူရဲ့ လက်ရွေးစင်နဲ့ ကလပ်အသင်းဖော်ဖြစ်သူ ဘန်ဝှိုက်ကို အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပြန်လည် ကစားပေးဖို့ တိုက်တွန်းသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ် ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနေတဲ့ နောက်ခံကစားသမား ဘန်ဝှိုက်ဟာ ဒီတစ်ပတ်ရဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း အင်္ဂလန်အတွက် ကစားပေးလိုခြင်း မရှိကြောင်း အီဒူးကနေတစ်ဆင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို အကြောင်းကြားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘန်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အင်္ဂလန်အသင်းနဲ့အတူ စခန်းသွင်း လေ့ကျင့်နေစဉ် ဆောက်ဂိတ်ရဲ့ လက်ထောက်နည်းပြ စတိဗ် ဟော်လန်နဲ့ အချင်းများခဲ့ရာကနေ ကမ္ဘာ့ဖလားကို မဆင်နွဲတော့ပဲ အိမ်ပြန်သွားခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဆောက်ဂိတ်ကတော့ အချင်းများတယ်ဆိုတဲ့ ကိစ္စကို ငြင်းဆန်ထားခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ နောက်ခံကစားသမား ဘန်ဝှိုက်ဟာ အာဆင်နယ်ရဲ့ အဓိက နောက်ခံကစားသမား ဖြစ်နေသည့်တိုင် အင်္ဂလန်အတွက်တော့ စုစုပေါင်း (၄)ပွဲသာ ကစားထားရသေးသလို သူရဲ့လက်ရှိ ခံယူချက်ကိုလည်း ပြောင်းလဲပြီး အင်္ဂလန်အတွက် ပြန်ကစားပေးဖို့ ဖျောင်းဖြသွားမယ်လို့ ရိုက်စ်က ဆိုလာပါတယ်။

Photo Credit : talkSPORT

“ကျွန်တော် အာဆင်နယ်ဆီ ပြန်သွားတဲ့အခါ ဘန်ဝှိုက်နဲ့ စကားပြောကြည့်ပါမယ်။ ပြီးတော့ သူ အင်္ဂလန်မှာ ကစားပေးဖို့ စိတ်ပြောင်းသွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ သူသာ ပါဝင်လာမယ်ဆိုရင်တော့ ဒါက အသင်းအတွက် ကောင်းမွန်တဲ့ ကစားသမား ဖြည့်တင်းနိုင်မှု ဖြစ်သွားပါလိမ့်မယ်။”

“ဒါပေမယ့်လည်း ဒါက ဘန်ရဲ့သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ သူရဲ့ ရွေးချယ်မှုပါပဲ။ ဘန်နဲ့ ဂါရတ်တို့ကလည်း ဒီအကြောင်းတွေကို အတွင်းကျကျ ပြောခဲ့ကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ စိတ်ပြောင်းလာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ သူက အရမ်းတော်ပြီး မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။