သိပ်မကြာသေးခင် ရက်ပိုင်းလောက်ကပဲ အိုင်ယာလန် တောင်ပံကစားသမား ဂျိမ်းစ် မက်ကလင်းက အင်္ဂလန် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နဲ့ ပတ်သက်ပြီး ရိုက်စ်ဟာ သာမာန်ထက်ပိုပြီး အမွှမ်းတင်ခံနေရသူ ဖြစ်ပြီးတော့ သူ့အဆင့်လောက်က သာမန်လောက်ပဲ ရှိတယ်လို့ ပြောဆိုကာ ပွဲရှာသွားခဲ့ပါတယ်။

လက်ရှိ ဝရက်ဇ်ဟမ်းအသင်းမှာ ပါဝင်ကစားနေတဲ့ အသက် (၃၅)နှစ်အရွယ် ကစားသမားကြီး မက်ကလင်းဟာ အိုင်ယာလန်အသင်းမှာ ဒက်ကလန်ရိုက်စ်နဲ့အတူ တွဲဖက်ပြီး ပွဲအနည်းငယ်ခန့် ကစားခဲ့ဖူးပေမယ့် နောက်ပိုင်းမှ ရိုက်စ်က သူ ကိုယ်စားပြုကစားမယ့် လက်ရွေးစင်အသင်းအဖြစ် အင်္ဂလန်ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Extra.ie

အိုင်ယာလန်ကိုကျော်ပြီး အင်္ဂလန်မှာ ကစားပေးဖို့ ရွေးချယ်လိုက်ချိန်ကတည်းက ရိုက်စ်ကို မကြည်တော့တဲ့ မက်ကလင်းဟာ အခွင့်အရေးရတိုင်း ခုလို ပုတ်ခုတ်မှုတွေ လုပ်ဆောင်လာခဲ့ပြီး အခုလည်း ဒက်ကလန်ရိုက်စ်နဲ့ ပတ်သက်ပြီး ရိုက်စ်ဟာ အရမ်းကောင်းတဲ့ ကစားသမားတစ်ဦး ဆိုပေမယ့် သူအနေနဲ့ကတော့ ရိုက်စ်ကို အလွန် overrated ဖြစ်နေတယ်လို့သာ ထင်မိကြောင်း ပြောဆိုလာခဲ့ပြန်ပါတယ်။

ဒီလို ပြောဆိုမှုအပေါ် ရိုက်စ်က “ကျွန်တော် အိုင်ယာလန်မှာ သူ(မက်ကလင်း)နဲ့အတူ (၃)ပွဲအတူ ကစားခဲ့ဖူးတယ်။ သူနဲ့ တွဲဖက်ကစားရတာလည်း ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီမှာထိုင်ပြီး သူ့ကို ဝေဖန်တာတွေ ပြန်တိုက်ခိုက်တာတွေ လုပ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ သူ့ကို ထိပ်တန်း လူပုဂ္ဂိုလ်တစ်ဦးလို့ပဲ ထင်ပါတယ်။”

Photo Credit : Goal

“ကျွန်တော် အိုင်ယာလန်မှာ မကစားတော့ပဲ အင်္ဂလန်ကို ရွေးချယ်လိုက်ကတည်းက ကျွန်တော်ရဲ့ ရွေးချယ်မှုအပေါ် သူ သိပ်မပျော်ဘူးဆိုတာ သိသာခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း သူက နှစ်အနည်းငယ်လောက်အထိ မှတ်ချက်တွေ ရေးသားတယ်။ အဲ့ဒါက မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်ကတော့ ဒီလိုတွေ ပြောဆိုနေမှာ မဟုတ်ဘူး။ သူ့မှာလည်း ကောင်းမွန်တဲ့ ဘောလုံးသမားဘဝ ရှိခဲ့ပြီလေ။ အခုဆိုရင် သူက ကစားသမားဘဝကို အဆုံးသတ်ခါလည်း နီးနေပြီ။”

“သူ ကျွန်တော့်ကို ပြောထားတာတွေကို ပြန်ချေပပြောဆိုဖို့က ကျွန်တော့်အတွက် လွယ်ကူပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို သူက အခု (၃၅)နှစ် ကျွန်တော်က အခု (၂၅)နှစ်။ နောက်ပြီး ကျွန်တော်တို့နှစ်ယောက် ကစားသမားဘဝချင်းကလည်း မတူညီပါဘူး။ သူက သူရဲ့ထင်မြင်ချက်အတိုင်း ပြောခဲ့တာပဲ။ ကျွန်တော် အရင်ကတည်းက တခြားသူတွေရဲ့ ထင်မြင်ချက်အတိုင်း ပြောဆိုတာတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဆိုတော့ ဒါက ကျွန်တော့်အတွက် တုံ့ပြန်နေရမယ့်အရာ မဟုတ်ပါဘူး။” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။