လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ ညာနောက်ခံလူ ဗလာဒီမာ ကူဖယ်လ်က သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ် ၊ လက်ရှိမှာ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမားလည်း ဖြစ်တဲ့ ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ ကစားသမားတွေကို ဆက်သွယ်ကာ ဒီနေ့ညမှာ ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ပွဲမှာ မရှုံးနိမ့်အောင် ကြိုးစား ကစားပေးဖို့ အကူအညီ တောင်းထားတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ချက်လက်ရွေးစင် ခံစစ်မှူး ကူဖယ်လ်က ဝက်စ်ဟမ်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၂၅နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ဝက်စ်ဟမ်းကနေ အာဆင်နယ်ထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၁၆သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ရိုက်စ်က ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။

ဒီကလန်ရိုက်စ်ရဲ့ အာဆင်နယ်က ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ အပြိုင် ဖြစ်နေပြီး ဒီနေ့ညမှာ ကစားမယ့် ရာသီအပိတ်ပွဲတွေမှာ အာဆင်နယ်က ပြိုင်ဘက် အဲဗာတန်ကို အနိုင်ရကာ မန်ချက်စတာ စီးတီးက ပြိုင်ဘက် ဝက်စ်ဟမ်းကို မနိုင်ခဲ့ရင် ဒီကလန်ရိုက်စ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့် ရမှာပါ။

Photo Credit: Bein Sports

ချန်ပီယံဆု အတွက် အရေးပါတဲ့ပွဲမှာ မန်ချက်စတာ စီးတီးရဲ့ ပြိုင်ဘက်က အသင်းဟောင်း ဝက်စ်ဟမ်း ဖြစ်နေတာကြောင့် ဒီကလန်ရိုက်စ်ဟာ သူနဲ့ ရင်းနှီးတဲ့ ဝက်စ်ဟမ်း ကစားသမားတွေဆီ ဆက်သွယ်ကာ သူ့အတွက် ကြိုးစား ကစားပေးဖို့ တောင်းဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဝက်စ်ဟမ်း ကစားသမား ဖြစ်သူ ကူဖယ်လ်က အဆိုပါသတင်းတွေ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။

ကူဖယ်လ်က – “ကျွန်တော်ကတော့ ရိုက်စ်ဟာ အသင်းရဲ့ အင်္ဂလန်ကစားသမားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကိုတော့ အဆက်အသွယ် မလုပ်လာပါဘူး။ သူက အာဆင်နယ် ကစားသမား ဖြစ်လို့ အာဆင်နယ်ရဲ့ အကျိုးအတွက် စိတ်ဝင်စားမယ် ဆိုတာ သေချာပါတယ်။ ကျွန်တော်က အာဆင်နယ်မှာ ရှိတဲ့ ဘယ်ကစားသမားနဲ့မှ အဆက်အသွယ် မရှိပါဘူး။ သူတို့က သူတို့ရဲ့ အခွင့်အရေး အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း အသင်းအတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။