အက်စတွန်ဗီလာအသင်းက ဒီနှစ် ဘောလုံးရာသီထဲ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တာကြောင့် ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိသွားနိုင်တယ်လို့ ဗီလာ နည်းပြဟောင်း ဖြစ်သူ ဒင်းစမစ်က သုံးသပ် ပြောဆိုလာခဲ့ပါတယ်။

အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းဟာ ဒီရာသီထဲ ပရီးမီးယားလိဂ် ပွဲပေါင်း (၉)ပွဲအထိ ကစားထားပြီးချိန်မှာ (၆)ပွဲနိုင် (၁)ပွဲသရေ (၂)ပွဲရှုံး ရမှတ် (၁၉)မှတ်နဲ့ အဆင့် (၅)နေရာအထိ ရပ်တည်လျက် ရှိနေပြီး နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် (၅)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင်လည်း ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Opta Analyst

ဗီလာဟာ နည်းပြ အမ်မရီလက်ထက် ပရီးမီးယားလိဂ် အိမ်ကွင်း (၁၁)ပွဲဆက်တိုက်အထိ နိုင်ပွဲတွေ ဆက်နေတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားရပြီး ဒီလို အခြေအနေ အရမ်းကောင်းနေတဲ့ ဗီလာဟာ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရသွားနိုင်တယ်လို့ နည်းပြဟောင်း ဒင်းစမစ်က ပြောဆိုလာခဲ့ပါတယ်။

“ဗီလာမှာ တိုင်ရုန်းမင်း နဲ့ ဘွမ်ဒီယာတို့လို ကစားသမားမျိုးတွေ ဒဏ်ရာ ရရှိနေတယ် ဆိုပေမယ့်လည်း သူတို့မှာက ဥရောပ နဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ရတဲ့ ကစားသမား အင်အားမျိုး ရှိနေပါတယ်။”

Photo Credit : Birmingham Mail

“အသင်းပိုင်ရှင်တွေကလည်း အသင်းမှာ ရင်းနှီးမြှပ်နှံထားတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက နယူးကာဆယ်အသင်းလိုမျိုး ဘာလို့ မလုပ်နိုင်ရမှာလဲ။ ချန်ပီယံလိဂ်ဝင်ခွင့်က ဒီရာသီမှာ သူတို့အသင်းအတွက် အိမ်မက်တစ်ခု ဖြစ်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဒင်းစမစ်က ပြောဆိုလာခဲ့ပါတယ်။

ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲ အဆင့် (၇)နေရာ ရပ်တည်နိုင်ခဲ့လို့ ကွန်းဖရန့်စ်လိဂ်ဝင်ခွင့် ရထားခဲ့ပြီး ဒီရာသီ ကွန်းဖရန့်စ်လိဂ်မှာတော့ (၂)ပွဲကစား (၁)ပွဲနိုင် (၁)ပွဲရှုံးထားပြီး အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ကို ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်ပါတယ်။