ရီးရဲလ် မက်ဒရစ်အသင်းဟာ သူတို့ရဲ့ ချန်ပီယံလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်မှာ မာဆေးလ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒီပွဲစဉ်ရဲ့ရလဒ်ကို အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေက ဖုံးလွှမ်းသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းခေါင်းဆောင် ဒန်နီ ကာဗာဟယ်လ်က ဂိုးသမားကို ခေါင်းတိုက်ခဲ့လို့ အနီကတ်ပြခံခဲ့ရသလို ပွဲအနိုင်ဂိုးကိုလည်း အငြင်းပွားဖွယ်ရာ ပင်နယ်တီကနေတစ်ဆင့် ဘာပေက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မာဆေးလ်နည်းပြ ရောဘတ်တို ဒီဇာဘီက ပင်နယ်တီဆုံးဖြတ်ချက်ကို အရှက်ရစရာလို့ သုံးနှုန်းပြီး ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျနေတဲ့ပွဲစဉ်မှာ အဓိကအလှည့်အပြောင်းကတော့ ဒုတိယပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ရီးရဲလ်အသင်းခေါင်းဆောင် ကာဗာဟယ်လ်ဟာ မာဆေးလ်ဂိုးသမား ရူလီနဲ့ အချင်းများရာကနေ ခေါင်းတိုက်မှုပြုလုပ်ခဲ့တာကြောင့် VAR က ပြန်လည်စစ်ဆေးပြီးနောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : Goal

တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် မာဆေးလ်တို့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် (၈၁)မိနစ်မှာတော့ မက်ဒရစ်ရဲ့တိုက်စစ်ကို ဟန့်တားဖို့ ကြိုးစားရင်း မာဆေးလ်နောက်ခံလူ မာဒီနာရဲ့ လက်မောင်းကို ဘောလုံးထိသွားခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပင်နယ်တီကို ဘာပေက အမှားအယွင်းမရှိ ကန်သွင်းပြီး အနိုင်ဂိုး ရယူပေးခဲ့တာပါ။

ဒီဇာဘီက ဒီပင်နယ်တီဆုံးဖြတ်ချက်အပေါ် “ဒါက အရှက်ရစရာ ပင်နယ်တီပါ။ ဘယ်လိုမှ ပင်နယ်တီမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဘက်ကို ပေးခဲ့ရင်တောင် ဒီလိုပဲ ပြောမှာပဲ။ ဘာနေဗျူးမှာဖြစ်ဖြစ် ဒီမှာဖြစ်ဖြစ် ဘယ်နေရာမှာမှ ပင်နယ်တီမဟုတ်ဘူး။” လို့ ဒေါသတကြီး ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကာဗာဟယ်လ်ရဲ့ အနီကတ်နဲ့ ပတ်သက်ပြီးတော့ “ဒီလို ခေါင်းချင်းဆိုင်တဲ့ အခြေအနေမျိုးမှာတော့ ကျွန်တော်သာဆို အနီကတ်ပေးမှာမဟုတ်ဘူး။ ဒါက အကြမ်းဖက်မှုမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒါက စည်းမျဉ်းပဲလေ။” လို့ အနည်းငယ် ပျော့ပျောင်းတဲ့ သဘောထားကို ပြသခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒဏ်ရာရသွားတဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ်ရဲ့နေရာကို ဝင်ကစားပြီး မိနစ်ပိုင်းအကြာမှာပဲ အထုတ်ခံခဲ့ရတဲ့ ကာဗာဟယ်လ်ရဲ့ နေရာလွတ်ကို ဘာပေက ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် (၂၈)မိနစ်နဲ့ (၈၁)မိနစ် ပင်နယ်တီနှစ်လုံးစလုံးကို အမှားအယွင်းမရှိ ကန်သွင်းပြီး အသင်းအတွက် အဖိုးတန်နိုင်ပွဲကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်သင်းဟာ အဖွင့်ပွဲစဉ်မှာ နိုင်ပွဲရခဲ့ပေမယ့် ကာဗာဟယ်လ် ပွဲပယ်ခံရဖွယ်ရှိနေပြီး အာနိုးလ်ကလည်း ဒဏ်ရာရနေတာကြောင့် နည်းပြ ဇာဘီ အလွန်ဆိုအတွက် ခံစစ်ပိုင်းမှာ ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ မာဆေးလ်အသင်းကတော့ ချန်ပီယံလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့ လာမယ့် အေဂျက်ဇ်နဲ့ပွဲစဉ်မှာ ရလဒ်ကောင်းရဖို့ ဖိအားများလာခဲ့ပြီ ဖြစ်ပါတယ်။