ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးတို့ရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘရိုက်တန် နည်းပြချုပ် ဒီဇာဘီက သူဟာ လာမယ့်ရာသီမှာ ဘရိုက်တန်နဲ့အတူ ဆက်ရှိနေဖို့ မသေချာဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် အီတလီလူမျိုး နည်းပြချုပ် ဒီဇာဘီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘရိုက်တန်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ဘရိုက်တန်ရဲ့ ကစားပုံက အတော်လေး တိုးတက်လာသလို လူငယ်ကြယ်ပွင့် တချို့ကိုလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။

Photo Credit: The Times

ဒါကြောင့်ပဲ ဘောလုံးလောကမှာ ဒီဇာဘီကို အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ထားကြပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ်တွေနဲ့ အသီးသီး လမ်းခွဲမယ့် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့က ဒီဇာဘီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ရဲ့ တာဝန်ရှိသူတွေက ဒီဇာဘီရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဒီဇာဘီ ကိုယ်တိုင်ကလည်း ဘရိုက်တန်ကို စွန့်ခွာကာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Telegraph

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒီဇာဘီက သူ့ရဲ့ အနာဂတ် အတွက် မကြာခင်မှာပဲ ဘရိုက်တန်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးဖို့ စီစဉ်ထားပြီး သူက ဘရိုက်တန်ရဲ့ အနာဂတ် အစီအမံတွေကို သဘောမကျရင် အသင်းကနေ ထွက်ခွာမယ်လို့လည်း တရားဝင် ထုတ်ပြောခဲ့ပါတယ်။

ဒီဇာဘီက – “ကျွန်တော်က အမြဲတမ်း ရည်မှန်းချက်တွေ အတွက် တိုက်ပွဲဝင်ချင်နေတာပါ။ ပြီးတော့ စိတ်အားထက်သန်မှု အပြည့် ရှိမယ့် အလုပ်ကိုပဲ လုပ်ချင်ပါတယ်။ ကျွန်တော်က ၂၄နာရီလုံး ဘောလုံးနဲ့ပဲ နေထိုင်ချင်တာပါ။ ကျွန်တော်က ဘရိုက်တန်ရဲ့ စီမံကိန်းတွေကို နားလည်ချင်ပါတယ်။ တကယ်လို့ ဘရိုက်တန်ရဲ့ စီမံကိန်းတွေက ကျွန်တော့်အတွက် သက်တောင့်သက်သာ မဖြစ်တဲ့ အရာတွေ ဆိုရင် ကျွန်တော်က ဘရိုက်တန်မှာ ဆက်နေမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။