ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းကသာ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အီတလီလူမျိုး နည်းပြဖြစ်သူ ဒီဇာဘီ ဦးဆောင်နေတဲ့ ဘရိုက်တန်က ယခုနှစ် ဘောလုံးရာသီမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘစ်ဆူးမား ၊ ကူကူရယ်လာ ၊ မော်ပေး ၊ ထရော့ဆက် စတဲ့ ကစားသမားတွေကို ဆုံးရှုံးခဲ့ရပေမယ့် ဒီဇာဘီက ရှိရင်းစွဲ ကစားသမားတွေ ဖြစ်တဲ့ မီတိုမာ ၊ မတ်စ် ၊ အယ်လစ္စတာ ၊ ကိုင်စီဒိုတို့ကို ထိပ်တန်း ကစားသမားတွေ ဖြစ်လာအောင် သင်ကြားပေးနိုင်ခဲ့တာကြောင့် ဘရိုက်တန်ဟာ ယမန်နှစ် ဘောလုံးရာသီကထက် အများကြီး ပိုကောင်းလာခဲ့ပါတယ်။

Photo Credit: New Straits Time

ဘရိုက်တန်က လီဗာပူးလို အသင်းကြီးကို ကျော်ဖြတ်ကာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ပြီး ယမန်နေ့ညမှာ ဘရိုက်တန်က မန်ချက်စတာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့တာပေမယ့် တဖက်နဲ့ တဖက် အသာစီး ရယူနိုင်ခဲ့ခြင်း မရှိပဲ ခြေရည်တူ အနေအထားနဲ့ သာမန် ပွဲကစားချိန် အတွင်းမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Standard

အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရာမှာလည်း တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ ဘရိုက်တန်ရဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်တဲ့ မတ်စ် တယောက် ပင်နယ်တီ လွဲခဲ့တာကြောင့် ၆-၇ ဆိုတဲ့ ရလဒ်နဲ့ ဘရိုက်တန်ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဘရိုက်တန် ၀-၀ မန်ချက်စတာ ယူနိုက်တက် (ပင်နယ်တီ အဆုံးအဖြတ်ရလဒ် ၆-၇) ပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဘရိုက်တန်နည်းပြ ဒီဇာဘီက သူ့အသင်းရဲ့ ရှုံးပွဲအတွက် မချင့်မရဲ ဖြစ်နေပြီး သူတို့အသင်းကသာ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ အသင်း ဖြစ်ကြောင်း ဆိုလာပါတယ်။ ဒီဇာဘီက – “ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းကသာ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပိုကောင်းတဲ့ ကစားဟန် တခုကို ပြသနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ပိုဖန်တီးနိုင်ခဲ့လို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။