ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ယခုနှစ် ဘောလုံးရာသီ ကုန်ချိန် အထိ ဘရိုက်တန်မှာ ဆက်နေဖို့ စီစဉ်ထားပေမယ့် လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဂျာကော့ဘ် စတိန်းဘက်ချ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် အီတလီလူမျိုး နည်းပြချုပ် ဒီဇာဘီက ၂၀၂၂ခုနှစ်မှ စတင်ကာ ဘရိုက်တန်ကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ဘရိုက်တန်ရဲ့ ကစားကွက်က အတော်လေး ကောင်းမွန်လာခဲ့သလို လူငယ်ကြယ်ပွင့် အများအပြားကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Manchester Evening News

ဒီဇာဘီက ဘောလုံးပိုင်ဆိုင်မှု အသားပေး တိုက်စစ်ကစားဟန်ကို အသုံးပြုလေ့ ရှိသလို ပွဲကြို ပြင်ဆင်မှုတွေ ၊ ပွဲတွင်း နည်းစနစ် အပြောင်းအလဲတွေ ကောင်းမွန်တာကြောင့် ဥရောပရဲ့ ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က သူ့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်နည်းပြ တန်ဟက်ဂ်ကို နည်းပြချုပ် အဖြစ် တာဝန်ပေးထားပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက ယူနိုက်တက်ရဲ့ ဖွဲ့စည်းပုံ တခုလုံးကို ပြုပြင် ပြောင်းလဲချင်တာကြောင့် တန်ဟက်ဂ်ကိုပါ ရာထူး ကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ် စတိန်းဘက်ချ်ရဲ့ ဖော်ပြချက်အရ ဒီဇာဘီက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုသာ ရလာရင် ဘရိုက်တန်ကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး သူက ယူနိုက်တက်မှာ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီဇာဘီ အပြင် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာ ၊ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နစ်ဂယ်စမန်းနဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ကိုပါ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကတော့ ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်မလား ၊ ဆက်ခန့်မလား ဆိုတာ အပြီးသတ် ဆုံးဖြတ်ချက် ချပါလိမ့်မယ်။