မာဆေးလ်အသင်း နည်းပြဖြစ်သူ ရောဘတ်တို ဒီဇာဘီကတော့ ဘရိုက်တန်ကို ကိုင်တွယ်ခဲ့တုန်းက သူ့တပည့်ကျော် ဖြစ်ခဲ့ဖူးသလို ခြေစွမ်းပြပြီး ဂိုးတွေလည်း သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား အီဗန် ဖာဂူဆန်ကို မာဆေးလ်အသင်းဆီ ခေါ်ယူသွားချင်နေတယ်လို့ Foot Mercatao ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီဟာ ဒီနွေမှာပဲ မာဆေးလ်အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်သလို ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ မေဆန် ဂရင်းဝုဒ်ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။
Photo Credit : Eintracht Frankfurt
ဒီဇာဘီက မာဆေးလ်နည်းပြအဖြစ် တာဝန်ယူချိန်မှာ ကစားသမားသစ် (၁၃)ဦးထိ မနည်းမနော ခေါ်ယူခဲ့သလို အသင်းကနေလည်း ကစားသမား (၁၂)ယောက်အထိပါ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ အခုလည်း နွေတုန်းကမှ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အယ်ယီ ဝါဟီက ဖရန့်ဖတ်အသင်းဆီကို ပြန်လည် ထွက်ခွာသွားခဲ့ပြန်ပါတယ်။
ဒါကြောင့် မာဆေးလ်က တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦး ပြန်လည် ဖြည့်တင်းသွားဖို့ မန်ယူနိုက်တက်က တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူခွင့် ချိန်ရွယ်ခဲ့ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းဆီသာ သွားချင်နေသလို သူရဲ့ လုပ်ခလစာကလည်း မာဆေးလ်အတွက် မြင့်မားနေပါတယ်။
Photo Credit : Get German Football News
ဒီလို အခြေအနေကြောင့် မာဆေးလ်က ဒီဈေးကွက်မှာ အငှားနဲ့ ခေါ်ယူလို့ရနိုင်မယ့် ဘရိုက်တန်က အိုင်ယာလန် တိုက်စစ်မှူး အီဗန် ဖာဂူဆန်ကိုသာ ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ ဖာဂူဆန်ဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲသာ ကစားခွင့် ရထားခဲ့ပါတယ်။
အီဗန် ဖာဂူဆန်ဟာ ဘရိုက်တန်ကို နည်းပြဒီဇာဘီ ကိုင်တွယ်ခဲ့ချိန်တုန်းက အသင်းအတွက် ပွဲကစားခွင့်တွေ ပိုရခဲ့ပေမယ့် အခု နည်းပြဟူဇလာ လက်ထက်မှာတော့ အရန်အဖြစ်နဲ့သာ ကစားနေရပြီး အသင်းဘက်ကလည်း သူ့ကို အငှားချသွားဖို့ အစီအစဉ် ရှိနေတာကြောင့် ဒီဇာဘီရဲ့မာဆေးလ်အပြင် ကလပ်အသင်း တော်တော်များများက အငှားနဲ့ ခေါ်ယူချင်နေပါတယ်။