ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဒီလစ်ကတော့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာပဲ ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာဆီ ပြောင်း​ရွှေ့သွားခဲ့တဲ့ ပိုလန်ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ပိုလန် အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ဘိုင်ယန်မြူးနစ် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပြီး သူဟာ ဘာစီလိုနာနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: AS English

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်မှာ ဆယ်စုနှစ် တစုနီးပါး ကစားခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့ပေမယ့် သူ့ရဲ့ ဘာစီလိုနာဟာ ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ အင်တာမီလန် ၊ ပါလ်ဇန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာမှာ အုပ်စုတတိယနေရာသာ ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ လီဝန်ဒေါစကီးက ယခုနှစ် ဘောလုံးရာသီမှာ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားခဲ့သလို သူဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ ၂ပွဲ ရင်ဆိုင် ကစားခဲ့ရမှာလည်း အဆိုပါ ၂ပွဲစလုံးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။

Photo Credit: AS English

ဘိုင်ယန်မြူးနစ်ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်တဲ့ ဒီလစ်ကတော့ သူတို့အသင်းဟာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၂)ပွဲစလုံးမှာ လီဝန်ဒေါစကီး တယောက် ဂိုးမသွင်းနိုင်အောင် တားဆီးနိုင်ခဲ့ကြပေမယ့် လီဝန်ဒေါစကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာ​ဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဒီလစ်က – “လီဝန်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ထိန်းချုပ်နိုင်ဖို့ အတွက် အတော်လေး ကြိုးစားခဲ့ရပါတယ်။ တသင်းလုံးရဲ့ ကြိုးစား အားထုတ်မှုကြောင့်သာ ကျွန်တော်တို့က သူ့ကို တားဆီးနိုင်ခဲ့ကြတာပါ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။