ပူပူနွေးနွေး အီတလီ စီးရီးအေ ချန်ပီယံ နာပိုလီရဲ့ ဥက္ကဌ ဖြစ်သူ ဒီလော်ရန်တစ်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်ကို လာမယ့် နွေဈေးကွက်အတွင်းမှာ ရောင်းချမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပြီး အိုဆီမန်ဟာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

အိုဆီမန်က နာပိုလီ အတွက် အရေးပါတဲ့ အနိုင်ဂိုးတွေ များစွာ သွင်းယူပေးနိုင်ခဲ့သလို ဆယ်စုနှစ် ၃စုကျော်ကြာ ဝေးကွာခဲ့ရတဲ့ စီးရီးအေ စကူဒက်တို ချန်ပီယံဆုကိုလည်း နေပယ်လ်မြို့ဆီ ရောက်လာအောင် ကြိုးစားပေးခဲ့ပါတယ်။

အိုဆီမန်ရဲ့ အဆုံးသတ်စွမ်းရည်နဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းတို့ကြောင့် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က လာမယ့် နွေဈေးကွက် အတွင်းမှာ အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက အိုဆီမန်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားပါတယ်။

 

Photo Credit: Football Transfer

ကနဦးမှာ နာပိုလီက အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် ရရင် အိုဆီမန်ကို လက်လွှတ်လိမ့်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နာပိုလီ ဥက္ကဌ ဒီလော်ရန်တစ်ကတော့ သူတို့အသင်းဟာ အိုဆီမန်ကို ရောင်းချမှာ မဟုတ်ကြောင်း အတိအလင်း ကြေညာသွားခဲ့ပါတယ်။

ဒီလော်ရန်တစ်က – “ကျွန်တော်က ဒီနွေဈေးကွက်မှာ အိုဆီမန်ကို လုံးဝ ရောင်းချမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အိုဆီမန်ကို လက်လွှတ်စရာ အကြောင်းအရင်း မရှိပါဘူး။ ကျွန်တော်တို့က စပယ်လက်တီကိုလည်း စာချုပ်မှာ ပါတဲ့ အချက်အလက်အတိုင်း စာချုပ်သက်တမ်း တိုးပြီးသွားပါပြီ။ ဒီတော့ လာမယ့်ရာသီမှာ ကျွန်တော်တို့က ဒီလူစာရင်းအတိုင်းပဲ ရှိနေပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။