စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က သူ့ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသည်းအသန် ကြိုးပမ်းခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ လာမယ့် နွေဈေးကွက်မှာ ပြောင်းရွှေ့ဖို့ စတင် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က အေဂျက်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပေမယ့် ဘဏ္ဍာရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာက သူ့ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဒီဂျောင်က ချန်ပီယံလိဂ် ကန်ချင်တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်သာ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ကာ ဘာစီလိုနာမှာပဲ ဆက်လက် ကစားခဲ့ပြီး ယခုအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်က သူ ပါဝင် ကစားနေတဲ့ ဘာစီလိုနာကို ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ဖြုတ်ချထားသလို ကာရာဘောင်း ချန်ပီယံလည်း ဖြစ်ထားကာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့လည်း သေချာသလောက် ရှိနေပါတယ်။

ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့ဖူးပေမယ့် တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ ဒီဂျောင်ကို ခေါ်ယူရန် ကြိုးစားဖို့ စီစဉ်နေဆဲ ဖြစ်ပြီး ဘာစီလိုနာကလည်း ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေပါသေးတယ်။

Photo Credit: Metro

ယုံကြည် စိတ်ချရတဲ့ သတင်းထောက် အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုးတက်လာမှုတွေကို အတော်လေး သဘောကျနေသလို ယူနိုက်တက်ရဲ့ အမာခံ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးနဲ့ တွဲဖက် ကစားဖို့ စိတ်ကူးရှိနေတာကြောင့် လာမယ့် နွေဈေးကွက်မှာသာ မန်ချက်စတာ ယူနိုက်တက်ဘက်က သူ့ကို ကမ်းလှမ်းလာရင် လက်ခံဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူမယ့် ပစ်မှတ် ကစားသမား စာရင်းကို ပြင်ဆင်နေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဗဟိုကွင်းလယ်လူ တဦး ၊ အထောင်တိုက်စစ်မှူး တဦးနဲ့ ဗဟိုခံစစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စဉ်းစားထားပါတယ်။