စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လာမယ့် နွေဈေးကွက်မှာ သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားထားသေးလား ဆိုတဲ့ မေးခွန်းကို အမေးခံခဲ့ရချိန် သူဟာ ဘာစီလိုနာမှာသာ ကာလရှည် ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း ပြန်လည် ဖြေကြားရင်း မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒကို ထုတ်ပြသွားခဲ့ပါတယ်။

ဖရန်ကီ ဒီဂျောင်ရဲ့ ဆရာဟောင်း ဖြစ်သူ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာပြီးနောက် သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ဖရန်ကီ ဒီဂျောင် အတွက် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပေမယ့် ဖရန်ကီက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပဲ ဖြစ်ပါတယ်။

တန်ဟက်ဂ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဖရန်ကီ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ မခေါ်နိုင်ခဲ့ပေမယ့် လာမယ့် နွေဈေးကွက်မှာ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူနိုင်အောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်ဖို့ စတင် စီစဉ်နေပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဖရန်ကီ ဒီဂျောင်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ သူ့ရဲ့ အိမ်မက်ဟာ ဘာစီလိုနာ အတွက် ကစားပေးနိုင်ဖို့ ဖြစ်ကြောင်းနဲ့ သူဟာ ဘာစီလိုနာမှာ ကာလရှည် ဆက်လက် ကစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဒီဂျောင်က – “ကျွန်တော်က တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ။ (အပြောင်းအရွှေ့ အတွက် လှုပ်ရှားမှု မရှိကြောင်းအား ဆိုလိုလျက်) ကျွန်တော်က ဘာစီလိုနာမှာ နောက်ထပ် နှစ်တွေ အများကြီး ကစားချင်ပါသေးတယ်။ လာမယ့်ရာသီမှာ ကျွန်တော်တို့က ဥရောပပြိုင်ပွဲတွေဆီ ရောက်ရင် ဒီနှစ်ထက် ပိုကောင်းအောင် ကစားပြနိုင်ဖို့ လိုပါတယ်။ ကစားပြနိုင်အောင် ကြိုးစားဖို့လည်း ဆုံးဖြတ်ထားပါတယ်။ အသင်းရဲ့ ကစားကွက်အသစ်က ကျွန်တော့်ကို ပိုပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ကျွန်တော်က ကိုယ်ကစားချင်တဲ့ နေရာမှာ ကစားခွင့် ရနေသလို ကွင်းလယ်ပိုင်းမှာ လွတ်လပ်ခွင့်တွေလည်း ရထားပါတယ်။ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းကလည်း ကျွန်တော်က ဘာစီလိုနာမှာ ဆက်နေခွင့် ရမယ် ဆိုတာ သိလို့ စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ စိတ်က ဘယ်တော့မှ ပြောင်းလဲသွားဖို့ မရှိပါဘူး။ ကျွန်တော်က ဘာစီလိုနာ အတွက် ကစားပေးဖို့ပဲ အိမ်မက်ရှိသူ ဖြစ်ပြီး ကျွန်တော်က ဘာစီလိုနာမှာပဲ အောင်မြင်ချင်ပါတယ်။ ကျွန်တော်က ဘာစီလိုနာမှာပဲ ဆက်နေသွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။