စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်ရဲ့ အေးဂျင့်ဖြစ်သူ အလီ ဒါဆန်ဟာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းဆီ ရောက်နေကြောင်း သတင်းဓာတ်ပုံတွေအရ သိရပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပေါ့ဘာနဲ့ မာတစ်တို့ မရှိတဲ့နောက် အားနည်းသွားတဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုချက်အရ သူ့ရဲ့ တပည့်ဟောင်း တဦး ဖြစ်သလို ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦးလည်း ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

 

Photo Credit: Express

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က နောက်ပိုင်း ဘောလုံးလောကထဲမှာ ရှားပါးတဲ့ ဗဟိုကွင်းလယ်လူ စစ်စစ် တဦး ဖြစ်ပြီး ဒီဂျောင်က နံပါတ်၆နေရာမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ဘာစီလိုနာမှာတော့ ဘက်စ်ကွက် ရှိနေတာကြောင့် နံပါတ်၈ နေရာမှာသာ ဖြည့်ကစားပေးနေရသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း + အပိုဆုကြေး ယူရို ၂၀သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ပဏာမ သဘောတူညီမှု ရယူထားနိုင်ပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့သာ လိုအပ်ပါတော့တယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေဆီကနေ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ဒီဂျောင်ရဲ့ အေးဂျင့်ဖြစ်သူ အလီ ဒါဆန်က အိုးထရက်ဖို့ဒ်ကွင်းဆီ ရောက်ရှိနေကာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီဂျောင်ကို ဘာစီလိုနာမှာ ရရှိနေတဲ့ လုပ်ခလစာ အတိုင်း ပေးချေကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး ဒီဂျောင်ကလည်း လုပ်ခလစာ လျှော့ယူကာ ဘာစီလိုနာမှာ ဆက်နေဖို့ထက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။