စပိန် လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ဒေးဗစ် ဒီဂီယာဟာ သူရဲ့ လက်ရှိကလပ် ဖီအိုရင်တီးနားအသင်းမှာ နောက်ထပ် ဘောလုံးရာသီတစ်ရာသီ ဆက်လက် ရှိသွားဖို့ သေချာနေပြီဖြစ်ပြီး ဖီအိုရင်တီးနားကလည်း သူတို့ဂိုးသမားရဲ့ စာချုပ်မှာ ပါဝင်နေတဲ့ တစ်နှစ် သက်တမ်းတိုးခွင့် option ကို အသက်သွင်းသွားတော့မယ်လို့ သိရပါတယ်။

အသက်(၃၄)အရွယ် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း အသင်းလက်မဲ့အဖြစ်နဲ့ (၁)နှစ်လောက်အထိ ရှိခဲ့ပြီးမှ ပြီးခဲ့တဲ့ နွေရာသီမှာ ဖီအိုရင်တီးနားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Italia

ဖီအိုရင်တီးနားက ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သလို နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။ ပွဲတွေနဲ့ ဝေးနေတဲ့ ဒီဂီယာက ဖီအိုရင်တီးနားအတွက် စတင် ကစားရတဲ့ ပွဲအချို့မှာ အမှားအယွင်းတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လက်စွမ်းပိုင်းတွေ တည်ငြိမ်လာခဲ့ပါတယ်။

အခုဆိုရင်တော့ ဒီဂီယာက ဒီရာသီမှာ ဖီအိုရင်တီးနားအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲအထိတောင် ပါဝင်ကစားထားရပြီဖြစ်ပြီး အသင်းရဲ့ ပင်တိုင် ဂိုးသမားတစ်ဦးပါ ဖြစ်နေတဲ့အပြင် (၁၀)ပွဲအထိ ဂိုးမပေးထားရအောင် ကစားထားခဲ့ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကွန်းဖရန့်စ်လိဂ်ပွဲမှာလည်း ဒီဂီယာက သူ့အသင်းအတွက် လက်စွမ်းပြ ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒါကြောင့်ပဲ ဖီအိုရင်တီးနားဘက်က သူတို့ဂိုးသမားကို တစ်နှစ် သက်တမ်းတိုးခွင့် option အတိုင်း သက်တမ်းတိုးသွားဖို့ ဆုံးဖြတ်ထားသလို မကြာခင်မှာပဲ တရားဝင် ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ တကယ်လို့ ဒီဂီယာရဲ့ လက်စွမ်းတွေသာ တည်ငြိမ်နေမယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ စပိန်အသင်းနဲ့အတူ ပါဝင်နိုင်ဖို့တောင် မျှော်လင့်ချက် ရှိနေရပါတယ်။

ဒီဂီယာက ဖီအိုရင်တီးနားမှာ အခြေအနေကောင်းနေသလောက် သူ့အသင်းဟောင်း ယူနိုက်တက်ကတော့ ဂိုးသမား အန်ဒရေ အိုနာနာရဲ့ မကြာခဏ အမှားကျူးလွန်မှုတွေကြောင့် ဂိုးတွေ ခွင့်ပြုရလျက် ရှိနေပြီး အခုဆို အိုနာနာ အနာဂတ် အခြေအနေက လှုပ်ခတ်နေရသလို ယူနိုက်တက်ကလည်း ဂိုးသမားသစ်တစ်ဦး ခေါ်ယူသွားဖို့ပါ ပြင်ဆင်နေပါတယ်။