မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ သူ့ရဲ့ လက်ရှိကလပ် ဖီအိုရင်တီးနားအသင်းနှင့်အတူ အိုးထရက်ဖို့ဒ်ကွင်းသို့ ရာသီကြိုခြေစမ်းပွဲအတွက် ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂၀၂၃ ခုနှစ်က အသင်းမှ အငြင်းပွားဖွယ်ရာ ထွက်ခွာခဲ့ရမှုအပေါ် နောင်တမရှိကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒီဂီယာဟာ မန်ယူနိုက်တက်အသင်းမှာ (၁၂)နှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း (၅၄၅)ပွဲ ပါဝင်ကစားကာ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီဂီယာနေရာကို အစားထိုးရန်အတွက် ယူနိုက်တက်က ကင်မရွန်းလက်ရွေးစင် ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူခဲ့ပေမယ့် အိုနာနာမှာ အမှားအယွင်းများစွာ ပြုလုပ်ခဲ့တာကြောင့် အသက်(၃၄)နှစ်သာ ရှိသေးတဲ့ ဒီဂီယာကို အသင်းမှာ ဆက်ထိန်းထားသင့် မသင့် ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲအပြီးမှာတော့ ဒီဂီယာက သူ့ရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အခုလို ဖြေကြားခဲ့ပါတယ်။

“လုံးဝ စိတ်ပျက်မိတာမျိုး မရှိပါဘူး။ ဘောလုံးလောကဆိုတာ ဒီလိုပါပဲ။ အရာအားလုံးကို ကိုယ်က ထိန်းချုပ်လို့မရဘူးလေ။ ကျွန်တော် ယူနိုက်တက်မှာ (၁၂)နှစ်ကြာ နေထိုင်ခဲ့ရတာ အရမ်းကို ကောင်းမွန်ပြီး ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်ကာလတွေထဲက တစ်ခုပါပဲ။ ဒီကလပ်အသင်းအတွက် ကစားပေးရတာက မယုံနိုင်စရာပါပဲ။ အထူးသဖြင့် ကလပ်ကနေ ထွက်ခွာသွားတဲ့အခါမှာ ဒီကလပ်အသင်း ဘယ်လောက်ကြီးကျယ်ခမ်းနားလဲ၊ ယူနိုက်တက်လို အသင်းကြီးမှာ (၁၂)နှစ်ကြာအောင် ခြေစွမ်းပြ ကစားနိုင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို ပိုပြီး နားလည်လာပါတယ်။ ကျွန်တော် ဒီကလပ်အသင်းကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒီခရီးလမ်းက တကယ်ကို အံ့ဩဖို့ကောင်းခဲ့ပါတယ်။ ဒီကို မရောက်တာကြာပြီဖြစ်လို့ ဒီနေ့က ကျွန်တော့်အတွက် တကယ်ကို ထူးခြားတဲ့နေ့တစ်နေ့ပါပဲ။” လို့ ဒီဂီယာက ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် တစ်နှစ်ခန့် အနားယူခဲ့တဲ့ ဒီဂီယာဟာ ဘောလုံးကစားခြင်းကနေ အနားယူဖို့တောင် စဉ်းစားခဲ့သေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ “အဲ့ဒီလို (အနားယူဖို့) အတွေးတွေ ခေါင်းထဲဝင်လာတာမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော် နေလို့ကောင်းနေတုန်းပဲ။ လေ့ကျင့်ခန်းတွေ ပြန်လုပ်တယ်။ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ခံစားခဲ့ရတယ်။ ဖီအိုရင်တီးနားက ကျွန်တော့်ကို ကစားခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီမှာ အရမ်းကို နေလို့ကောင်းတယ်။ မိသားစုလိုပါပဲ၊ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ မြို့ကလည်း လှပတယ်၊ ကလပ်အသင်းကလည်း ကောင်းပါတယ်။ ဒီနေ့မှာ ယူနိုက်တက်လို ထိပ်တန်းအသင်းနဲ့ ကစားနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီနှစ်မှာ ကျွန်တော်တို့ တစ်ခုခုတော့ အထူးတလည် လုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ယူနိုက်တက်နဲ့ ဖီအိုရင်တီးနားတို့ ၁-၁ ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ယူနိုက်တက်က ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီဂီယာဟာ အသင်းဟောင်းနဲ့ စိတ်လှုပ်ရှားဖွယ် ပြန်လည်ဆုံတွေ့မှုအပြီးမှာ သူ့ရဲ့လက်ရှိကလပ် ဖီအိုရင်တီးနားနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။