လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်ကစားခွင့်ရမယ့် အခွင့်အရေးတစ်ခု ရရှိခဲ့ပေမယ့်လည်း အဲ့ဒီ အခွင့်အရေးကို ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။

ဆောင်းဈေးကွက်အတွင်းမှာ ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာကို ကာလတို စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း ဒီဂီယာကတော့ နော်တင်ဟမ်ရဲ့ ကြိုးပမ်းမှုကို ပယ်ချခဲ့ပါတယ်။

Photo Credit : Goal

စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ မန်ယူနိုက်တက်အသင်းနဲ့အတူ ကစားသမားဘဝရဲ့ အချိန်အများစုကို ဖြတ်သန်းခဲ့ပေမယ့်လည်း ယူနိုက်တက်ကတော့ သူ့ကို အသင်းကနေ ဒီတိုင်းလေးသာ ထွက်ခွာခွင့်ပြုခဲ့သလို အခုဆိုရင်လည်း ဒီဂီယာက အသင်းလက်မဲ့ ဖြစ်နေတာ (၇)လခန့်လောက်တောင် ရှိလို့နေပြီ ဖြစ်ပါတယ်။

ဒီဂီယာလို အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို အလွတ်နဲ့ ခေါ်ယူလို့ရနိုင်မယ့် အခွင့်အရေးမျိုး ရှိနေချိန်မှာ ဘိုင်ယန် အင်တာတို့လို ဥရောပအသင်းတွေအပြင် လာလီဂါကလပ်တွေနဲ့ ဆော်ဒီကလပ်တွေကပါ ဒီဂီယာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပေမယ့် လက်ရှိအချိန်ထိ ဒီဂီယာက ဘယ်အသင်းနဲ့မှ မနီးစပ်သေးပဲ ဖြစ်နေရပါတယ်။

Photo Credit : Sport

ဒါ့အပြင် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကလည်း ဂိုးသမား ရှာပုံတော်ဖွင့်နေတဲ့ နော်တင်ဟမ်အသင်းက ဒီဂီယာကို free transfer နဲ့ ခေါ်ယူပြီး ကာလတို စာချုပ်ချုပ်ဆိုသွားဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒီဂီယာကိုယ်တိုင်ကတော့ နော်တင်ဟမ်နဲ့ လက်တွဲသွားဖို့ အစီအစဉ် မရှိတာကြောင့် ပယ်ချလိုက်ပါတယ်။

ဘောလုံးနယ်ပယ်နဲ့ လအတန်ကြာ အလှမ်းဝေးနေတဲ့ ဒီဂီယာဟာ Rebels Gaming လို့ အမည်ရတဲ့ esports အသင်းတစ်သင်းကို သူရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်းတွေဖြစ်သော ဖာနန်ဒက်စ် မာတာတို့နဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၂ နွေဦးပေါက်အချိန်လောက်ကတည်းက တည်ထောင်ထားခဲ့ပါတယ်။