မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ လက်ရှိအချိန်မှာ ကလပ်အသင်းမဲ့ ဖြစ်နေပေမယ့်လည်း ဒီနောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

အသက် (၃၃)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဒီဂီယာဟာ ကစားသမားဘဝရဲ့ ဆယ်စုနှစ်တစ်ခုအထိ မန်ယူနိုက်တက်အသင်းမှာ ကျင်လည် ဖြတ်သန်းခဲ့ပေမယ့် ယူနိုက်တက်ကတော့ အန်ဒရေ အိုနာနာကို ခေါ်ယူဖို့အတွက် ဒီဂီယာကို အသင်းကနေ အလွယ်တကူလေး လက်လွတ်ခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ ဒီဂီယာက ကလပ်အသင်း တော်တော်များများနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို ကစားသမားဘဝကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီဂီယာက သူ့အတွက် ကလပ်အသင်းသစ် ရရှိဖို့ နီးစပ်လာခဲ့ပြီဖြစ်ပြီး ဆော်ဒီကလပ် အယ်လ်ရှာဘတ်ဆီ ပြောင်းရွှေ့ဖို့ကိုလည်း ဆွေးနွေးလျက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီဂီယာကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းဖူးခဲ့သေးပြီး အခု အယ်လ်ရှာဘတ်ကပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Goal

အယ်လ်ရှာဘတ်အသင်းကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ဆီဗီလာအသင်းရဲ့ ခရိုအေးရှား ဝါရင့် ကွင်းလယ်ကစားသမားကြီး အိုင်ဗန် ရာကီတစ်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိထားခဲ့သလို နယူးကာဆယ် တောင်ပံကစားသမား အယ်လ်မီရွန်ကိုပါ ခေါ်ယူနိုင်ဖို့ အခြေအနေ အလွန်ကောင်းနေတဲ့ ဆော်ဒီကလပ်အသင်း ဖြစ်ပါတယ်။

ဒါ့အပြင် အယ်လ်ရှာဘတ်အသင်းဟာ အခုထိ free agent player ဖြစ်နေသေးတဲ့ ဂိုးသမား ဒီဂီယာနဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဟာကင် ဇီယက်ရှ်ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိနေပြီး မကြာသေးခင်ကလည်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။